Homeဆောင်းပါးDigital War သို့မဟုတ် ဖြတ်တောက်လည်း ဖောက်ထွက်မယ့် ကွန်ယက်တွေ (ဆောင်းပါး)

Digital War သို့မဟုတ် ဖြတ်တောက်လည်း ဖောက်ထွက်မယ့် ကွန်ယက်တွေ (ဆောင်းပါး)

အောက်တိုဘာ(၂)၊၂၀၂၄

“Internet လိုင်းတွေ ပြတ်တောက်ကုန်ရင်၊ ဖုန်းလိုင်းတွေ ပြတ်တောက်ကုန်ရင် ကျွန်တော်တို့သတင်းပေးဖို့ သတင်းရယူဖို့ သတင်းဝေမျှဖို့ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို စဉ်းစားထားကြဖို့ အချိန်ရောက်ပြီ”

ဒီစကားကို ပြောလိုက်သူက လက်ရှိပြည်ပမှာရောက်နေတဲ့ တော်လှန်ရေးဘက်တော်သား နည်းပညာရှင်တစ်ဦးဖြစ်တဲ့ ကိုမိုက်ကယ်ပဲ ဖြစ်ပါတယ်။

၂၀၂၁အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေကို အင်တာနက်လိုင်းတွေ ၊ ဖုန်းလိုင်းတွေ လုံးဝ ဖြတ်တောက်ထားပါတယ်။ ဒါဟာ စစ်ကောင်စီဘက်က တော်လှန်ရေးဖြစ်တဲ့နေရာတွေကို ဖြတ်လေးဖြတ်စနစ်နဲ့ ဒေသခံပြည်သူတွေကို ပိတ်ဆို့ဒဏ်ခတ်တာပါ။ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နဲ့ သတင်းစီးဆင်းမှုတွေကို ဖြတ်တောက်လိုက်တာပါ။

သက္ကရာဇ် ၂၀၀၀ ဝန်းကျင်ကစပြီး မြန်မာနိုင်ငံမှာ LAN WAN Intranet Internet Router Modem စတဲ့ စကားလုံးတွေနဲ့ အကျွမ်းတဝင်ရှိလာသလို email နဲ့ Internet စတာကို စတင် သုံးစွဲလာကြပါတယ်။ ဒီအချိန်က Internet ဆိုပေမဲ့ Intranet အဆင့်သာ သုံးခဲ့ရပါတယ်။

စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံတကာ သတင်းဌာနတချို့ကသာ အင်တာနက်နဲ့ အီးမေးလ်းအသုံးပြုရာက ၂၀၁၂ ခုနှစ် ဝန်းကျင်မှာ မိုဘိုင်းဖုန်းဆင်းကတ်နဲ့ အင်တာနက်တွေကို ပြည်သူတွေ စပြီး အလွယ်တကူ သုံးစွဲခွင့်ရလာပါတယ်။ ဆယ်လူလာဖုန်းတစ်လုံးကို သိန်း ၅၀ ပေးဝယ်နေရာက ၅ သိန်းတန်ဖုန်း ၊ ၃ သိန်းတန်ဖုန်းဆင်းကတ်တွေ ပေါ်ထွက်လာပြီး အင်တာနက်ကို ဖုန်းကတဆင့် အသုံးပြုလို့ရလာပါတယ်။ နောက်ပိုင်းမှာတော့ ၅ထောင်တန် ဖုန်းဆင်းကတ်တွေ ပေါ်လာပြီး အင်တာနက်ကိုလည်း တက္ကသိုလ်ကျောင်းသားတွေ၊ ပညာတတ်လူငယ်တွေနဲ့ Cyber Cafe၊ Internet Cafe လို့ခေါ်တဲ့ အင်တာနက်ဆိုင်တွေကနေ သုံးလို့ရလာပါတယ်။

“ကျွန်တော်တို့ခေတ်ထဲက VPN တွေ သုံးလာကြတယ်။ လိုင်းမကောင်းတဲ့အတွက် လိုင်းကောင်းတာကို Proxy နံပတ်ပြောင်းချိန်းသုံးတာတို့ VPN သုံးတာတို့ လုပ်ပြီး သုံးလာကြတယ်။ ဓာတ်ပုံတပုံတင်ဖို့ နာရီနဲ့ချီကြာနေရာက VPN သုံးလိုက်လို့ ခနလေးနဲ့တက်သွားတာဆို ကျွန်တော်တို့လူငယ်တွေ သိပ်သဘောကျတယ်” လို့ စင်ကာပူက IT Engineer တစ်ဦးဖြစ်တဲ့ ကိုလွင်(အမည်လွှဲ)က ဆိုပါတယ်။

၂၀၂၁ ခုနှစ်စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှာတော့ VPN သုံးစွဲခွင့်ကို အမိန့်ထုတ် ပိတ်ပင်လိုက်ပြီး VPN သုံးစွဲသူဟာ ထောင်သုံးနှစ်အထိချမှတ်ခံရနိုင်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အဖွဲ့က အရေးယူမှုတွေမရှိခဲ့ရင်တောင် ငွေကျပ် ငါးသောင်းကနေ ငါးသိန်းအထိ ငွေညှစ်တောင်းခံနေတာပါ။

၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ NLD ပါတီ အာဏာရတာနဲ့အတူ နည်းပညာအပါအဝင် မြန်မာနိုင်ငံရဲ့အခန်းကဏ္ဍပေါင်းစုံက ပြောင်းလဲလာပါတယ်။ အရင်က Internet Service Provider အဖြစ် စစ်တပ်နဲ့ ရင်းနှီးသူတွေကိုသာ လိုင်စင်ချပေးရာက ၂၀၁၅ ကစလို့ ကုမ္ပဏီအသေးစားတွေကိုပါ လိုင်စင်ချပေးထားပါတယ်။ လက်ရှိအချိန်မှာ စာရင်းပေးသွင်းထားတဲ့ ISP ပေါင်း ၃ ရာဝန်းကျင်ရှိပြီး လက်ရှိ လုပ်ငန်းလည်ပတ်နေတာ တရာကျော် ရှိနေတယ်လို့ စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ Mobile Phone တွေရောင်းချထားမှုဟာ ၂၀၁၉ မှာကောက်ယူထားတဲ့စာရင်းတွေအရ ၇၃.၆၆သန်းအထိ ရှိပါတယ်။ Facebook လူမှုကွန်ယက် သုံးစွဲသူက ၁၈.၉ သန်းရှိပြီး ဒါဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၃၃.၁% ရှိနေပါတယ်။ Cellular Network Connection လို့ခေါ်တဲ့ မိုဘိုင်းဖုန်း သုံးစွဲသူဦးရေ ၅၇.၈ သန်းရှိပါတယ်။

မြန်မာနိင်ငံမှာ Facebook နဲ့ VPN အသုံးပြုလို့မရအောင် ပိတ်ပင်ဖို့ တရုတ်ကုမ္ပဏီ နှစ်ခုဆီကနေ စက်ပစ္စည်းအကူအညီနဲ့ နည်းပညာအကူအညီကို စစ်ကောင်စီက ရယူထားပါတယ်။ Geedge Networks နဲ့ တရုတ်အစိုးရပိုင် CEIEC ကုမ္ပဏီတို့ က စစ်ကောင်စီကို ကူညီနေတယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

VPN တွေကို ပိတ်ဆို့တားဆီးဖို့ တရုတ်ကုမ္ပဏီ Geedge Networks က Firewall ထုတ်ကုန်ပစ္စည်းနှစ်ခုကို အသုံးပြုပြီး စုံစမ်းထောက်လှမ်းနဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်မှုစနစ်အတွက် သုံးတာပါ။ စစ်ကောင်စီက ၂၀၂၃ မေလမှာ စပြီး ဒီစနစ်ကို သုံးစွဲဖို့ ISP တွေကို ညွှန်ကြားပါတယ်။

အမည်မဖော်လိုတဲ့ IT လုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီဟာ ISP သမားတွေကိုလည်း စက်သုံးဆီလုပ်ငန်းသမားတွေလိုပဲ နေပြည်တော်ကို ခေါ်ယူဆွေးနွေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လချီ ထိန်းသိမ်းထားခဲ့တယ်လို့ ပြောပါတယ်။ အဓိက ဆွေးနွေးတဲ့အချက်တွေကတော့ IP Address ကနေ ခြေရာခံလိုက်ဖို့၊ သတင်းအဆက်မပြတ်ပေးပို့ဖို့၊ စစ်ကောင်စီက ဖြတ်တောက်ခိုင်းတဲ့ VPN အပါ တခြား site တွေကို Ban ပေးဖို့ ပဲ ဖြစ်ပါတယ်။

“စားသုံးသူကို ကာကွယ်တဲ့ ဥပဒေတွေ ဘာတွေ မြန်မာနိုင်ငံမှာမရှိဘူး။ လူတစ်ယောက်က Facebook ကနေ ပို့စ်တစ်ခုတင်တယ်ဆိုပါတော့၊ သူ့အကောင့် ၊သူဘာဖုန်းသုံးတယ်နဲ့ data ကို ဘယ်နားကသုံးနေတယ်ဆိုတာကအစ ကျွန်တော်တို့ဆီကတဆင့် သူတို့အချိန်မရွေးလာကြည့်လို့ရတယ်။ နေ့တိုင်း ပိတ်ပေးဖို့ ပြောတဲ့ VPN list ကလည်း ရာချီရှိတယ် သူတို့ပိတ်ခိုင်းတိုင်းပိတ်တော့ Internet Bandwidth ကျဉ်းပြီး လိုင်းကျတယ်တို့ လိုင်းလေးတယ်တို့ ဖြစ်ကုန်တယ်” လို့ ISP တခုမှာ လုပ်ကိုင်နေတဲ့သူ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ဘယ်လိုပဲ ပိတ်ပင်ပါစေ သတင်းစီးဆင်းမှုကတော့ မပြတ်တောက်ခဲ့ပါဘူး။ လက်ရှိ စစ်အာဏာရှင်တွေ ကျင့်သုံးနေတာက ကိုယ်ပိတ်ချင်တဲ့ Site တွေကို ပိတ်ပင်ပြီး ကျန်တာအားလုံးအသုံးပြုခွင့်ပေးတာဟာ Blacklist ဖြစ်ပါတယ်။ အခု စစ်အာဏာရှင်တွေဟာ ကိုယ်ပေးကြည့်မဲ့လိုင်းကလွဲရင် ကျန်တာတွေကို ဝင်ရောက်ကြည့်ခွင့်မပေးတဲ့ White List စနစ်ကို ပြောင်းလဲသုံးစွဲဖို့ တရုတ်နဲ့ ရုရှားက နည်းပညာအကူအညီတွေ ယူနေတယ်လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“Facebook ကို အစားထိုးဖို့ တရုတ်က Weibo လို Myspace လို လူမှုကွန်ယက်တည်ဆောက်ထားတယ်၊ အောင်မြင်မှာတော့မဟုတ်ဘူး၊ မြန်မာတွေက ရအောင်ဖောက်ထွက်ကြမှာပဲ”လို့ ကိုလွင်က ကောက်ချက်ချပါတယ်။

“၂၀၀၀ ၂၀၀၁ လောက်ထဲက ဟိုပုန်းမှာ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံဆိုပြီး သူတို့ ကျောင်းသားတွေ ခေါ်ပြီး AGTI ဘွဲ့ပေး တပ်ကြပ်ကြီးရာထူးပေးပြီး အမုန်းစကားဖြန့်တာ၊ ခြေရာခံလိုက်တာ၊ သတင်းစီးဆင်းမှုဖြတ်တောက်တာတွေ လုပ်လာတာတောင် နွေဦးတော်လှန်ရေး ဒီအနေအထားထိ ဖြစ်လာတာမို့ မြောက်ကိုရီးယားလို တရုတ်လို လုံးဝ Whitelist လုပ်ဖို့က မလွယ်သေးပါဘူး”လို့ ကိုလွင်က ဆိုပါတယ်။

ဒါပေမဲ့ သတင်းစီးဆင်းမှု ပြတ်တောက်ကုန်ရင် စစ်ရေး တော်လှန်ရေးအတွက်သာမက သဘာဝဘေးအန္တရာယ်ကစပြီး အသက်အိုးအိမ်အထိပါ ဆုံးရှုံးနစ်နာနိုင်တယ်လို့တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ “ကျွန်တော်တို့တွေ ဘယ်ရွာမှာ ဘယ်နယောက်၊ ဘာလက်နက်တွေပါတယ်ဆိုတာ သိရင် ရှောင်လို့ ၊ တိုက်လို့ရတယ်။ ဒါပေမဲ့ စစ်ရေးအတွက်ပဲ သတင်းပေးဖို့က အရေးပါတာမဟုတ်ပါဘူး။ အခုဆို အင်တာနက်က နေရာတိုင်းမရ ဖုန်းလိုင်းမရတဲ့အတွက် မိုးလေဝသသတင်းတွေ မသိခဲ့ဘူး။ တော်လှန်ရေးနယ်မြေတွေက လူတွေ အရေးပေါ် ရှောင်တိမ်းဖို့ မတတ်နိုင်ခဲ့ကြလို့ အသက်တွေ အများကြီး ပေးဆပ်လိုက်ရတယ်။ Starlink က မြန်မာနိုင်ငံအနေနဲ့တရားဝင် ဝယ်သုံးလို့မရသလို နေရာတိုင်း လူတိုင်းလည်း သုံးဖို့ မဖြစ်နိုင်ပါဘူး”လို့ ဗိုလ်ပိုင်စိုး(အမည်လွှဲထား)က ထောက်ပြပါတယ်။

လူအများစုက ဖုန်းပါဝါ ပိတ်လိုက်ပြီဆိုရင် လုံခြုံပြီး ကိုယ့်ကိုခြေရာခံမလိုက်နိုင်ဘူးလို့ ယူဆထားတာပါ။ တကယ်တော့ ဖုန်းကုမ္ပဏီတွေက သူတို့ရဲ့ ဆင်းကတ်တွေ နောက်ဆုံး ဘယ်ဧရိယာ ဘယ် တာဝါတိုင် ၃ခုကြားမှာ Signal မိနေလဲဆိုတာကို လောင်ဂျီကျု၊ လတ္တီကျုနဲ့တကွ အနီးစပ်ဆုံး ဖော်ထုတ်နိုင်သလို လက်ရှိသုံးနေဆဲဆင်းကတ်ဆို နေရာအတိအကျ ခြေရာခံလို့ရပါတယ်။

ဒါကြောင့် တိုင်းရင်းသားနယ်မြေတွေထဲက ဦးဆောင်သူအချို့နေအိမ်ကို ဗုံးကြဲခံရတာ၊ တော်လှန်ရေးစခန်းတွေ တောတွင်းအစည်းအဝေးတွေကို နေရာအတိအကျ လေကြောင်းက ဗုံးလာကြဲတာတွေ ဖြစ်ကုန်တယ်လို့ ပြည်ပရောက်မီဒီယာတည်ထောင်သူတဦးဖြစ်တဲ့ ဦးဇေယျာမင်းက ရှင်းပြပါတယ်။

“ကျွန်တော်တို့ဟာ တစ်ဖက်က ပိတ်ရင် တစ်ဖက်က ဖောက်ထွက်တဲ့လူမျိုးတွေ၊ ကြံရည်ဖန်ရည်ရှိတဲ့လူမျိုးတွေပါ။ ဖြစ်လာနိုင်ချေရှိတဲ့ပိတ်ဆို့မှုတွေကို ခုထဲက နည်းလမ်းရှာထားကြမယ်”လို့ ကိုလွင်က ပြောပါတယ်။

စစ်အာဏာရှင်တွေ နည်းလမ်းအမျိုးမျိုးသုံး​ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆို ပိုင်ခွင့်ကို ဖိနှိပ်နေတာပါ။ နည်းပညာအရ အင်တာနက် ကို ကန့်သတ်တာ၊ ပိတ်ပင်တာတွေကိုလည်း ဆက်ပြီး လုပ်နေဆဲပါ။ ဒါပေမယ့် လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်ကို ဘယ်လိုပဲ ထိန်းချုပ်နေပေမယ့် သတင်းနဲ့ နည်းပညာအချက်အလက်တွေကို နားလည်တတ်ကျွမ်းတဲ့ လူငယ်တွေ အများအပြားကပဲ နည်းပညာကိုသုံးပြီး စစ်ကောင်စီကို တော်လှန်နေစဲဖြစ်ပါတော့တယ်။

ဆက်စပ် သတင်းများ

Most read