Homeပြည်တွင်းသတင်းအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို စစ်ကောင်စီ ပြင်ဆင်

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို စစ်ကောင်စီ ပြင်ဆင်

၂၇ စက်တင်ဘာ၊ ၂၀၂၄

စက်တင်ဘာလ ၂၆ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို စစ်ကောင်စီက ဒုတိယအကြိမ် ပြင်ဆင် တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာနတွေက ကြေညာလိုက်ပါတယ်။

စက်တင်ဘာလ ၂၆ ရက်မှာပဲ ERO နဲ့ PDF တွေကို နိုင်ငံရေးအရဆွေးနွေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကမ်းလှမ်းကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ ပတ်သတ်တဲ့ ဥပဒေပုဒ်မ ၂ ခုကို ပြင်ဆင်လိုက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဃ) နဲ့ ပုဒ်မ ၅၃ ကို ပြင်ဆင်လိုက် တာဖြစ်ပါတယ်။

ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဃ) မှာ လူအများအပြားသေကျေနိုင်တဲ့ လက်နက်တွေ ပြန့်ပွားရေးကို ငွေကြေး ထောက်ပံ့မှုနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးအရ အရေးယူဆောင်ရွက်ရေးဆိုင်ရာ ကုလသမဂ္ဂလုံ ခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အစီအမံတွေ ချမှတ်ဖို့ ဆိုတာကို ထပ်မံ ထည့်သွင်းပါတယ်။

ပုဒ်မ ၅၃ မှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူ၊ လိုက်နာဖို့ ပျက်ကွက် သူ တွေကို နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ကျပ်သိန်းတစ်ရာထက်မပိုတဲ့ ငွေဒဏ် (ဒါမှမဟုတ်) ဒဏ်နှစ်ရပ်လုံးကို ချမှတ်ရမယ်လို့ ပြင်ဆင်ပါတယ်။

ကုမ္ပဏီ (ဒါမှမဟုတ်) အဖွဲ့အစည်းက ပြစ်မှုကျူးလွန်တာဆိုရင် အနည်းဆုံး ကျပ်သိန်းနှစ်ရာကနေ အများဆုံး ကျပ်သိန်းသုံးထောင်အထိ ငွေဒဏ်ရမှတ်ရမယ်လို့လည်း ပြဌာန်းလိုက်ပါတယ်။

ဒါဟာ ဒုတိယအကြိမ် ပြင်ဆင် ပြဌာန်းတာ ဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ ပြင်ဆင်ခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှာ ဒုတိယအကြိမ် ထပ်မံပြင်ဆင်တာဖြစ်ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ (USDP) အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလ ၈ ရက်မှာ အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ အာရက္ခတပ်တော် (AA) အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်တယ်လို့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ ကြေညာထားပါတယ်။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read