Homeပြည်တွင်းသတင်းနိုင်ငံရေးအရ ဆွေးနွေးဖို့ PDF တွေကို စစ်ကောင်စီ ဖိတ်ခေါ်

နိုင်ငံရေးအရ ဆွေးနွေးဖို့ PDF တွေကို စစ်ကောင်စီ ဖိတ်ခေါ်

၂၆ စက်တင်ဘာ၊ ၂၀၂၄

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(ERO)တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)တွေကို လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကမ်းလှမ်းတယ်လို့ ဒီနေ့ စက်တင်ဘာ ၂၆ ရက် ညပိုင်းမှာ ၎င်းတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတစ်ဆင့် ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုအပေါ် လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက လက်ခံနိုင်မယ်လို့ မထင်ကြောင်းနိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က ဆိုပါတယ်။

မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုးထားခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ် ချုပ်ဆိုပြီး ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကို အယုံအကြည်မရှိကြပါဘူး။

“ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက် နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှလည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့်ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်” လို့ မင်းအောင်လှိုင်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့သာဖြေရှင်းရမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုပေမဲ့ MNDAA တပ်ဖွဲ့က အပစ်အခတ် ရပ်စဲပြီး တရုတ်နိုင်ငံက မြန်မာ့အရေးကြားဝင်စေ့စပ်စေလိုကြောင်း စာထုတ်ပြန်ပြီး တစ်ပတ်အတွင်း ၃ ရက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တရုတ်အစိုးရနဲ့ အာဆီယံအသိုင်းအဝိုင်းက စစ်ကောင်စီကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တွေ့ဆုံပြီး အားလုံးသဘောတူတဲ့ ရွေးကောက်ပွဲတစ်ရပ်ကို ပြုလုပ်ဖို့ ဖိအားပေးထားပါတယ်။

ဒီနေ့ပဲ စစ်ကောင်စီဟာ အကြမ်းဖက်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်ချက်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Photo – MDY PDF

ဆက်စပ် သတင်းများ

Most read