Homeပြည်တွင်းသတင်းတရုတ်ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပေးရန် MNDAA တောင်းဆိုပြီး ၃ ရက်အကြာစစ်ကောင်စီ လားရှိုးမြို့ကို လေကြောင်းက တိုက်ခိုက်

တရုတ်ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပေးရန် MNDAA တောင်းဆိုပြီး ၃ ရက်အကြာစစ်ကောင်စီ လားရှိုးမြို့ကို လေကြောင်းက တိုက်ခိုက်

၂၂ စက်တင်ဘာ၊ ၂၀၂၄

တရုတ်နိုင်ငံက ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ MNDAA စာထုတ်တောင်းဆိုပြီး ၃ ရက်အကြာ စက်တင်ဘာ ၁၈ ရက် ညပိုင်းမှာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်၊ မနေ့က ည ၁၀နာရီ ၁၅ ဝန်းကျင်မှာ လားရှိုးမြို့ကို စစ်ကောင်စီက ဖျက်အားပြင်း ဗုံး ၂လုံး ကြဲချခဲ့ပြီး နောက်ထပ်လေယာဉ်တစ်စီးလည်း ကောင်းကင်မှာ ဝဲနေခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ဆိုပါတယ်။ လားရှိုးမိုတယ်အရှေ့နဲ့ ရပ်ကွက်(၁၂) အထက(၃)ကျောင်းရှေ့၊ အိမ်တွင်းမှုကျောင်းဘေးက ပြောင်းပွဲရုံတိုက်ပေါ် ကျပြီး လူထိခိုက်မှုမရှိ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

MNDAA က စက်တင်ဘာလ ၁၈ ရက်က စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကိုသာ ဦးတည်ပြီး မန္တလေးနဲ့ တောင်ကြီးမြို့တွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်မှာ မဟုတ်ကြောင်း ၊ NUG နဲ့ ပူးပေါင်းမှုမရှိကြောင်း နဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၁၃ရက်ညပိုင်းကလည်း လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ စက်တင်ဘာ ၁၀ရက်၊ မွန်းလွဲ ၁နာရီ ဝန်းကျင်မှာလည်း နမ့်ပေါင်ကျေးရွာအနီးက နမ္မကျောက်မီးသွေးတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်မှာ လားရှိုးမြို့ရပ်ကွက်(၁) တိုင်းထွေအုပ်ရုံးအဝင်ဝကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်မှာ လားရှိုးမြို့ရပ်ကွက်(၁၂)ရှိ မိုးလုံလေလုံအားကစားရုံနဲ့ ရေပူစမ်းအနီးက Silver Sky ဟိုတယ်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူတွေရဲ့ အိမ်စီးကား၊ ကုန်တင်ကား‌တွေ ပျက်စီးခဲ့ပါတယ်။

ကိုးကန့်တပ်မတော် MNDAAဟာ ၁၀၂၇ စစ်ဆင်ရေးတွေမှာ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် ရမခကို သိမ်းယူထားပြီး လားရှိုးမြို့၊ သိန္နီမြို့၊ ကွမ်းလုံမြို့၊ချင်း​ရွှေ​ဟော်မြို့၊ ​လောက်ကိုင်မြို့ ၊ကုန်းကြမ်းမြို့ ၊​ဖောင်းဆိုင်မြို့ ၊မုန်းကိုးမြို့၊ ပန်ဆိုင်းမြို့တွေကို သိမ်းယူထားပါတယ်။

ပုံစာ – စက်တင်ဘာ ၂၁ ညပိုင်းက လားရှိုးမြို့ကို စစ်ကောင်စီ လာရောက်ဗုံးကြဲပြီး တွေ့ရစဉ်

Photo – CJ

ဆက်စပ် သတင်းများ

Most read