Homeပြည်တွင်းသတင်းရခိုင်ပြည်ကို တစ်ပြည်ထောင်စနစ် နဲ့ အုပ်ချုပ်သွားမယ်လို့ AA စစ်ဦးစီးချုပ်ပြောဆို

ရခိုင်ပြည်ကို တစ်ပြည်ထောင်စနစ် နဲ့ အုပ်ချုပ်သွားမယ်လို့ AA စစ်ဦးစီးချုပ်ပြောဆို

၁၃ စက်တင်ဘာ၊ ၂၀၂၄

ရခိုင်ပြည်ကို ဗဟိုအစိုးရက အာဏာအများစု ရယူထားတဲ့ တစ်ပြည်ထောင်စနစ်(Unitary State System) နဲ့ အုပ်ချုပ်မှာဖြစ်ပြီး နောက်ပိုင်းမှ အရည်အချင်း၊ စွမ်းဆောင်ရည် နဲ့ လုပ်ပိုင်ခွင့်တွေပေါ် မူတည်ပြီး အာဏာခွဲ ဝေတဲ့စနစ် ကျင့်သုံးသွားမယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomats နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုလိုက်ပါတယ်။

“ULA က ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်တဲ့ တစ်ပြည်ထောင်စနစ် (Unitary State System) တစ်ရပ် ရှိပါလိမ့်မယ်။ စစ်တပ်ကတော့ ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာပါ။

ကနဦးအပိုင်းမှာ ဗဟိုချုပ်ကိုင်မှုကို ဦးစားပေးတဲ့ တစ်ပြည်ထောင်အစိုးရ တစ်ရပ်ကို ထူထောင်ပြီးမှ နောက်ပိုင်းမှာ အရည်အချင်းနဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေအပေါ် မူတည်ပြီး အုပ်ချုပ်ရေးအာဏာကို အစိုးရအလွှာအသီးသီးဆီ ခွဲဝေသွားနိုင်ခြေရှိပါတယ်” လို့ AA စစ်ဦးစီးချုပ်က ပြောဆိုကြောင်း ဖော်ပြ ထားပါတယ်။

ဒီအင်တာဗျူးကို စက်တင်ဘာ ၆ ရက်ကThe Diplomat သတင်းဌာနမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်ပြည်ရှိ မြို့နယ် ၁၈ ခုက မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ ရမ်းဗြဲနဲ့ ပလက်ဝဒေသ စတဲ့ မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ကြောင်းနဲ့ ကျန်တဲ့ မြို့နယ်တွေကို ဆက်ပြီး တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ပြောဆိုပါတယ်။

AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ပိုကောင်းတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုကို စတင်ထူထောင်နေပြီလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

“ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ပိုကောင်းတဲ့ အုပ်ချုပ်ရေးစနစ်တစ်ရပ်ကို ဖြည်းဖြည်းနဲ့မှန်မှန် စတင်ထူထောင်နေပါတယ်။ သင့်တော်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတစ်ရပ် ထူထောင်ရတာဟာ စစ်ရေးစစ်ရာတွေလိုပဲ ထပ်တူအရေးကြီးတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ စစ်ရေးနယ်ပယ်မှာ ကျွန်တော်တို့ အောင်ပွဲရထားသလိုပဲ “အုပ်ချုပ်ရေးအောင်ပွဲ” တစ်ရပ်လည်း မဝေးလှတဲ့ အနာဂတ်မှာ ကျွန်တော်တို့ လိုအပ်ပါတယ်။”လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။

လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးနဲ့ တရားစီရင်ရေးတို့လို အရေးပါတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးဖို့ ဆီလျော်တဲ့ အုပ်ချုပ်ရေးပုံစံတစ်ရပ် ထူထောင်ရတာဟာ ULA/AA အတွက် တကယ့်ကို လုပ်ရကိုင်ရခက်ခဲတဲ့ တာဝန်တစ်ရပ်ဖြစ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

AA စစ်ဦးစီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကို မြန်မာနိုင်ငံရေးမှာ အရေးကြီးအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ရှုမြင်တယ်လို့ ဆိုပါတယ်။

NUG နဲ့ AA တို့ကြားမှာ သဘောထားကွဲလွဲမှု တချို့ရှိပြီး ရခိုင်ပြည်ရဲ့ ပြည်တွင်းရေးနဲ့ ပတ်သက်ပြီး အမြင်မတူမှုတွေ ရှိနေပေတယ်လို့ ဆိုပါတယ်။

ULA/AA ရဲ့ အဓိကရည်ရွယ်ချက်က ရခိုင်ပြည်နဲ့ လူမျိုးအတွက် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အခြားလူမျိုးစုအစိုးရတွေနဲ့ အကျိုးပြုတဲ့ ဆက်ဆံရေးကို ထူထောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ပထမဆုံးဦးစားပေးက ရခိုင်ပြည်ကို အချုပ်အခြာအာဏာ ခိုင်ခံ့ရေး၊ ငြိမ်းချမ်းသာယာ ဝပြောပြီး ဂုဏ်သိက္ခာရှိသော ဒေသတစ်ခုအဖြစ် လူ့အဖွဲ့အစည်းအားလုံးက အသိအမှတ်ပြုပြီး ရခိုင်ပြည်မှာ နေထိုင်သူတိုင်း တန်းတူညီမျှအခွင့်အရေးများရဖို့ ဖြစ်တယ်လို့ AA စစ်ဦးစီးချုပ်က ပြောဆိုသွားသည်။

ပုံစာ – The Diplomat မှာ ဖော်ပြထားတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပုံ

Photo – The Diplomat

ဆက်စပ် သတင်းများ

Most read