Homeပြည်တွင်းသတင်းအခုထက်ပိုပြီး အကူအညီ ပေးနိုင်ပေမဲ့ စစ်ကောင်စီက သွားခွင့်မပေးတဲ့အတွက် အခက်အခဲတွေ့ကြောင်း ICRC ဥက္ကဌပြောဆို

အခုထက်ပိုပြီး အကူအညီ ပေးနိုင်ပေမဲ့ စစ်ကောင်စီက သွားခွင့်မပေးတဲ့အတွက် အခက်အခဲတွေ့ကြောင်း ICRC ဥက္ကဌပြောဆို

၁၂ စက်တင်ဘာ၊ ၂၀၂၄

မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံဟာ လူသားချင်း စာနာမှုအကူအညီတွေ လိုအပ်နေပေမဲ့ လုံခြုံရေး မပေးနိုင်ခြင်း၊ စစ်ကောင်စီက သွားရောက်ခွင့်မပေးခြင်းတို့ကြောင့် ICRC မှာ ကူညီပံ့ပိုးမဲ့ လုပ်ငန်းစဥ်တွေ မလုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ICRC ဥက္ကဌ Mirjana Spoljaric က ပြောဆိုကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

“တချို့နေရာတွေက ဆေးဝါးကုသမှုအကူအညီတွေ လုံး၀ပြတ်တောက်နေပြီ ။ ခုချိန် ဆေးတွေတောင် မရောက်တော့ဘူး။ အစားအစာလဲ နည်းနည်းလေးပဲ ကျန်တော့တယ်”လို့ Mirjana က ဆိုပါတယ်။

စက်တင်ဘာ ၉ရက်က ဆွစ်ဇာလန်သံအမတ်ဟောင်းလည်း ဖြစ်တဲ့ ICRC ဥက္ကဌဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ဒီထက်ပိုပြီး ပေးခွင့်ရအောင် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

” ပြဿနာက သွားခွင့်မပေးတာပါပဲ။ ကျန်းမာရေးကုသပေးခွင့် နဲ့ လူသားချင်းစာနာမှုအကူအညီပေးဖို့တောင် ကျွန်မတို့မှာ အခက်ကြုံနေရပါတယ်။ အခုထက်ပိုပြီး ကျွန်မတို့ဘက်က အကူအညီပေးနိုင်ပါတယ်” လို့ သူမက ထုတ်ဖော် ပြောဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က တဆင့် နယ်စပ်ဖြတ်ကျော်အကူအညီပေးဖို့ကလည်း ဆွေးနွေးဆဲ အဆင့်မှာပဲ ရှိနေတယ်လို့ ဆိုပါတယ်။

အခုနှစ် မတ်လမှာ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာမှုအကူအညီတွေ နယ်စပ်က တဆင့်ပို့ပေးခဲ့ရာမှာ တကယ့်ဒုက္ခသည်တွေဆီမရောက်ဘဲ စစ်ကောင်စီက အများဆုံး ရယူထားတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

ဒါဟာ ထိထိရောက်ရောက် အကူအညီပေးမယ်ဆိုရင် သက်ဆိုင်ရာအဖွဲ့တွေအကုန် သဘောတူညီ မှုရဖို့လိုတယ်ဆိုတဲ့ သင်ခန်းစာကို ရလိုက်ပြီး ဒါပေမဲ့ ဒီလိုသဘောတူညီမှုတွေကတဆင့် ပြည်တွင်း အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းလို့ ရသွားနိုင်တယ်လို့ သူမက ဆိုပါတယ်။

ပုံစာ -( ICRCဥက္ကဌ ဒေသခံတွေနဲ့ တွေ့ဆုံစဥ်နဲ့ ICRC က လှူဒါန်းစဥ် )
Photo – ICRC Myanmar

ဆက်စပ် သတင်းများ

Most read