Homeပြည်တွင်းသတင်း၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း နှစ်လတာအချိန်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူနှစ်ရာကျော် သေဆုံး

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း နှစ်လတာအချိန်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူနှစ်ရာကျော် သေဆုံး

၉ စက်တင်ဘာ၊၂၀၂၄

၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်ဖြစ်ပွားတဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၇ ရက်နေ့အထိ အချိန်နှစ်လကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၀၁ ဦးသေဆုံးပြီး ၂၂၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ TPCC က ထုတ်ပြန်မှုအရ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လူနေအိမ်၊ ဈေးနဲ့ စာသင်ကျောင်းတွေ အပါအဝင် အဆောက်အအုံ စုစုပေါင်း ၁၇၂ လုံး ပျက်စီးတယ်လို့ TPCC က ဖော်ပြပါတယ်။

ဒါဟာ စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့ရွာတွေမှာနေထိုင်တဲ့ ပြည်သူလူထုကို ထိခိုက်ပျက်စီး စေလိုတဲ့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာလို့ လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်းမှာတင် ရှမ်းပြည်နယ် နမ့်ခမ်း၊ ဖယ်ခုံမြို့နယ်တွေနဲ့ မကွေး တိုင်း မြိုင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ် သား သုံးဆယ်နီးပါး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာလ ၈ ရက် ဒီနေ့မှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အပါအဝင် မန္တလေးတိုင်း နွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပါ။
၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ရေးအရှိန်မြှင့်လာပြီး စစ်ကောင်တပ်ကလည်း လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ရှိလာတာပါ။

လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးတာတွေအပါအဝင် လူမျိုးတုံးစေတဲ့ စစ်ရာ ဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာစစ်ခုံရုံးကနေ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးဖို့ဆိုပြီး နိုင်ငံတကာကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာလ ၆ ရက် နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

Photo – TPCC

ဆက်စပ် သတင်းများ

Most read