Homeပြည်တွင်းသတင်းအာဏာသိမ်းပြီးနောက် စစ်အုပ်စုကြောင့် သေဆုံးရတဲ့ ဒီမိုကရေစီလှုပ်ရှားသူနဲ့ ပြည်သူ ၅၅၄၃ဦး ရှိပြီဖြစ်ကြောင်း AAPP ထုတ်ပြန်

အာဏာသိမ်းပြီးနောက် စစ်အုပ်စုကြောင့် သေဆုံးရတဲ့ ဒီမိုကရေစီလှုပ်ရှားသူနဲ့ ပြည်သူ ၅၅၄၃ဦး ရှိပြီဖြစ်ကြောင်း AAPP ထုတ်ပြန်

၂၄ ဩဂုတ်၊ ၂၀၂၄

စစ်ကောင်စီ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က စပြီး စစ်ကောင်စီနဲ့ သူတို့ရဲ့ လက်အောက်ခံတွေကြောင့် သေဆုံးရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၅၅၄၃ ဦး ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ်လ ၂၃ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

AAPP အနေနဲ့ အတည်ပြုဖို့ လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ၂၃၀၀ ဝန်းကျင်ကိုလည်း သီးခြားပြုစုထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၂၄၁) ဦးရှိပြီး ဒီအထဲက (၂၀၇၈၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ ထိန်းသိမ်းခံနေရသူတွေထဲက (၉၃၄၁) ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

သြဂုတ်လ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ ကောက်ယူထားတဲ့စာရင်းတွေအရ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပါတယ်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦး ရှိပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၇) ဦး ရှိပါတယ်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၆၄၆၀) ဦး ရှိပါတယ်။

AAPPက ကောက်ယူထားတဲ့ သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ဩဂုတ်လ ၂၃ ရက်အထိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေထဲက အမျိုးသမီး (၂) ဦးနဲ့ အမျိုးသား (၂၀) ဦး စုစုပေါင်း (၂၂) ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှာ စစ်ကောင်စီဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နေသူ ကိုမျိုးသူရဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှာ အင်းစိန်အကျဉ်းထောင်၊ စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်းပြစ်ဒဏ် အမိန့် ချမှတ်ခြင်းခံရပြီး အင်းစိန်အကျဉ်းထောင်အတွင်းရှိနေတုန်း နှိပ်စက်ညှဉ်းပန်းခံရပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်မှာ သေဆုံးခဲ့ရပါတယ်။

ဒီကိန်းဂဏန်းအရေအတွက်တွေဟာ AAPP က လက်လှမ်းမီသမျှ ကောက်ယူရရှိထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုပြီး များပြားနိုင်တယ်လို့ AAPP က ထုတ်ပြန်ကြေညာပါတယ်။

ပုံ – AAPP

ဆက်စပ် သတင်းများ

Most read