ဩဂုတ် ၁၇၊ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ ရပ်တန့်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာချိန် ထိုင်းနိုင်ငံဘက်ကလည်း စီမံကိန်းဖွံ့ဖြိုးရေးမှာ ပါဝင်နိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ ထိုင်းသတင်းတွေမှာ ဒီနေ့ ဖော်ပြပါတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကယို က မော်စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ထိုင်း-ရုရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးအပြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်းဟာ ထိုင်းနိုင်ငံအတွက် ကုန်သွယ်ရေးလမ်းကြောင်းအသစ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
ရုရှားဘက်က ထားဝယ်ဆိပ်ကမ်းနဲ့ ဆက်စပ်အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေပြီး အကယ်၍ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရင် ထိုင်းနိုင်ငံရဲ့ သွင်းကုန်၊ ပို့ကုန်တွေကို လက်ရှိ အဓိကအသုံးပြုနေတဲ့ မလက္ကာရေလက်ကြားကို ဖြတ်သန်းရတဲ့ ပင်လယ်ကုန်သွယ်ရေးလမ်းကြောင်းအပေါ် မှီခိုမှု လျှော့ချနိုင်မယ်လို့ စီဟာဆက်က ပြောပါတယ်။
ထားဝယ်ဆိပ်ကမ်းကို ထိုင်းနိုင်ငံက လမ်းနဲ့ ရထားလမ်းကွန်ရက်တွေကနေ ချိတ်ဆက်နိုင်ရင် အန်ဒမန်ပင်လယ်ဘက်ကနေ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နိုင်တဲ့ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းအသစ် ဖြစ်လာနိုင်ပါတယ်။ စီဟာဆက်က ထိုင်းပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့လည်း စီမံကိန်းဖွံ့ဖြိုးရေးမှာ ပါဝင်ဖို့ စိတ်ဝင်စားလာနိုင်တယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင်က ဩဂုတ် ၆ ရက် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာလည်း ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းကို ပြန်လည်ဖွံ့ဖြိုးဖို့ ကြိုးပမ်းနေပြီး ထိုင်းလုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းခဲ့ပါတယ်။
ထားဝယ်စီမံကိန်းဟာ အန်ဒမန်ပင်လယ်ဘက်မှာရှိပြီး ထိုင်းနိုင်ငံနဲ့ အိန္ဒိယသမုဒ္ဒရာဘက်ကို တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ ပထဝီအနေအထားကြောင့် မဟာဗျူဟာအရ အရေးပါပါတယ်။ မူလစီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လမ်းနဲ့ ရထားလမ်း၊ စွမ်းအင်နဲ့ ဆက်စပ်အခြေခံအဆောက်အအုံတွေ ပါဝင်ခဲ့ပေမယ့် ငွေကြေးအခက်အခဲနဲ့ ရင်းနှီးမြှုပ်နှံသူပြဿနာတွေကြောင့် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။
ရုရှားနဲ့ မြန်မာဘက်ကတော့ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ရေနက်ဆိပ်ကမ်း၊ ရေနံချက်စက်ရုံနဲ့ LNG ဆိုင်ရာ စီမံကိန်းတွေ မှာ ပူးပေါင်းရင်းနှီးမြှုပ်နှံရေးကို အရင်ကတည်းက ဆွေးနွေးထားပါတယ်။
ဒါပေမယ့် ထားဝယ်စီမံကိန်းမှာ အရင်က ရင်းနှီးမြှုပ်နှံခဲ့တဲ့ ထိုင်းကုမ္ပဏီ Italian-Thai Development (ITD) နဲ့ မြန်မာဘက်ကြား မပြေလည်သေးတဲ့ ငွေကြေးနဲ့ စာချုပ်ဆိုင်ရာ ပြဿနာတွေ ရှိနေဆဲဖြစ်ပါတယ်။ ITD က စီမံကိန်းမှာ အရင်က ရင်းနှီးမြှုပ်နှံထားတဲ့ ဘတ် ၈ ဘီလီယံကျော် နဲ့ပတ်သက်ပြီး ထိုင်းအစိုးရကို မြန်မာဘက်နဲ့ ညှိနှိုင်းပေးဖို့ မကြာသေးခင်က တောင်းဆိုထားပါတယ်။
ဒါ့အပြင် ထားဝယ်စီမံကိန်းနဲ့ ဆက်စပ်တဲ့ဒေသတွေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် လုံခြုံရေးအခြေအနေက စီမံကိန်း ပြန်လည်စတင်နိုင်ရေးအတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲပါ။
လက်ရှိမှာတော့ ထိုင်းဘက်က ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ တရားဝင် ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ သဘောတူညီချက် မရှိသေးဘဲ ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ ထိုင်းပုဂ္ဂလိကကဏ္ဍ ပါဝင်နိုင်မယ့် အလားအလာကို စတင်ဆွေးနွေးနေတဲ့အဆင့် ဖြစ်ပါတယ်။

