Homeပြည်တွင်းသတင်းဖက်ချ်ဘူရီမှာ ဖမ်းဆီးခံထားရတဲ့ ကရင် ၂၈ ဦးကို မြန်မာဘက် ပြန်မပို့ဖို့ ထိုင်းလူမှုအဖွဲ့တွေ တောင်းဆို

ဖက်ချ်ဘူရီမှာ ဖမ်းဆီးခံထားရတဲ့ ကရင် ၂၈ ဦးကို မြန်မာဘက် ပြန်မပို့ဖို့ ထိုင်းလူမှုအဖွဲ့တွေ တောင်းဆို

ဩဂုတ် ၁၅၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ဖက်ချ်ဘူရီခရိုင်နဲ့ ပရာကျွပ်ခီရီခန်ခရိုင် က ကရင်လူမျိုး ၂၈ ဦးကို အာဏာပိုင်တွေ ဖမ်းဆီးပြီး ဘန်ကောက်မြို့ရှိ ဆွမ်ဖလူး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ကို လွှဲပြောင်းထားတာကြောင့် မြန်မာနိုင်ငံဘက် ပြန်ပို့ခံရမှာကို မိသားစုဝင်တွေနဲ့ လူမှုအဖွဲ့တွေ စိုးရိမ်နေကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံထားရသူ ၂၈ ဦးထဲမှာ ကလေး ၈ ဦး၊ နေမကောင်းဖြစ်နေတဲ့ ကလေးတစ်ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦး ပါဝင်ပါတယ်။

ဖမ်းဆီးခံရသူတချို့ဟာ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်များစွာ နေထိုင်လာသူတွေဖြစ်ပြီး ကလေးတချို့က ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့သလို တချို့က နိုင်ငံသားအခြေအနေ အတည်ပြုရေးလုပ်ငန်းစဉ် ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ လူမှုအဖွဲ့တွေက ဆိုပါတယ်။

ဒီလူတွေကို ဩဂုတ် ၉ ရက်မှာ ဖက်ချ်ဘူရီခရိုင်၊ ကဲင်ကရာချန်မြို့နယ်၊ ပါဒဲင်ကျေးရွာ နဲ့ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာဟင်မြို့နယ်၊ ပါလာအူကျေးရွာ တဝိုက်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆေးဖမ်းဆီးမှုအတွင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ သစ်တောဌာနက အာဏာပိုင် စုစုပေါင်း ၁၃၅ ဦးခန့် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေက အိမ်တွေကို စစ်ဆေးပြီး ကိုယ်ရေးအထောက်အထား မပြနိုင်သူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဖက်ချ်ဘူရီ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ဆီ လွှဲပြောင်းခဲ့ပါတယ်။

ဒေသခံသတင်းရင်းမြစ်တွေကတော့ ဖမ်းဆီးခံရတဲ့ ကရင် ၂၈ ဦးဟာ မူးယစ်ဆေးဝါးအမှုနဲ့ ဆက်စပ်ဖမ်းဆီးခံရတာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေကို ဘန်ကောက်က ဆွမ်ဖလူး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ကို ပို့ထားတာကြောင့် မိသားစုဝင်တွေက အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးတွေနဲ့ နေမကောင်းသူတွေရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်နေကြပါတယ်။

ကရင်ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုအဖွဲ့တွေအပါအဝင် ထိုင်းနိုင်ငံက ဌာနေတိုင်းရင်းသားအရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေကလည်း ဖမ်းဆီးခံထားရသူ ၂၈ ဦးကို မြန်မာနိုင်ငံဘက် ပြန်ပို့တာ ဒါမှမဟုတ် နယ်စပ်ကနေ နှင်ထုတ်တာကို ခေတ္တရပ်ထားဖို့ တောင်းဆိုထားပါတယ်။

အဖွဲ့တွေက ဖမ်းဆီးခံထားရသူတစ်ဦးချင်းစီရဲ့ နေထိုင်လာတဲ့သမိုင်း၊ မိသားစုအခြေအနေ၊ နိုင်ငံသားအခြေအနေနဲ့ မြန်မာနိုင်ငံဘက် ပြန်ပို့ခံရရင် ကြုံရနိုင်တဲ့ အသက်အန္တရာယ်တွေကို သေချာစစ်ဆေးပြီးမှ ဆုံးဖြတ်ဖို့ တောင်းဆိုထားပါတယ်။

အထူးသဖြင့် စစ်ပွဲနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အန္တရာယ်ရှိတဲ့ နေရာတွေကို အတင်းအကျပ် ပြန်မပို့ဖို့ နိုင်ငံတကာမှာ အသိအမှတ်ပြုထားတဲ့ အန္တရာယ်ရှိရာနေရာကို အတင်းပြန်မပို့ရဆိုတဲ့ အခြေခံမူ ကို လိုက်နာဖို့ တိုက်တွန်းထားပါတယ်။

ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နေမကောင်းသူတွေကို သင့်လျော်တဲ့နေရာမှာ ထားရှိပြီး ဆေးကုသမှု၊ အစားအသောက်နဲ့ အခြေခံလိုအပ်ချက်တွေ ရရှိစေဖို့လည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေကို မိသားစုဝင်တွေ၊ ရှေ့နေတွေ၊ လူသားချင်းစာနာမှုအဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ တွေ့ဆုံဆက်သွယ်ခွင့် ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒေသခံတွေက အရင်တစ်ကြိမ်မှာလည်း ကရင်လူမျိုး ၁၀ ဦးကျော်ကို မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့ပြီးနောက် မိသားစုဝင်တွေနဲ့ ဆက်သွယ်မရတော့ဘူးလို့ ပြောထားတာကြောင့် အခု ဖမ်းဆီးခံထားရတဲ့ ၂၈ ဦးလည်း အလားတူအခြေအနေ ကြုံလာမှာကို စိုးရိမ်နေကြပါတယ်။

Related News

Most Read