ဩဂုတ် ၁၃၊ ၂၀၂၆ | New Day Myanmar
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်း လီဗစ် ဟာ ဒီလကုန်မှာ ရာထူးက နုတ်ထွက်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ဩဂုတ် ၁၂ ရက်မှာ ကြေညာပါတယ်။
အသက် ၂၈ နှစ်အရွယ် လီဗစ်ဟာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရာထူးကို ထမ်းဆောင်ဖူးသူတွေထဲ အသက်အငယ်ဆုံး ဖြစ်ပြီး မေလမှာ ဒုတိယမြောက် သမီးလေး မွေးဖွားပြီးနောက် မကြာသေးခင်ကမှ မီးဖွားခွင့်ကနေ အလုပ်ပြန်ဝင်လာသူ ဖြစ်ပါတယ်။
လီဗစ်ကတော့ ကလေးငယ် ၂ ဦးကို ပိုမိုအချိန်ပေးနိုင်ဖို့ အိမ်ဖြူတော်က ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတာဝန်အတွက် အချိန်၊ အားအင်နဲ့ အာရုံစိုက်မှု အမြဲလိုအပ်နေတာကြောင့် မိခင်တစ်ဦးအနေနဲ့ ကလေးတွေကို ပေးသင့်တဲ့ အချိန်နဲ့ တပြိုင်နက်တည်း ထမ်းဆောင်ဖို့ ခက်ခဲလာတယ်လို့ သူက ဆိုပါတယ်။
သမ္မတ ထရမ့်က လီဗစ်ရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပြီး လေးစားတယ်လို့ ပြောသလို သူမကို အိမ်ဖြူတော်သမိုင်းမှာ အကောင်းဆုံး ပြောရေးဆိုခွင့်ရှိသူတွေထဲက တစ်ဦးအဖြစ် ချီးကျူးခဲ့ပါတယ်။ လီဗစ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက သူ့ရဲ့ နိုင်ငံရေးအဖွဲ့နဲ့ အနီးကပ်အလုပ်လုပ်ခဲ့ပြီး ၂၀၂၄ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။
လီဗစ်ဟာ အိမ်ဖြူတော်က ထွက်ခွာပြီးနောက်လည်း ထရမ့်ရဲ့ ပြင်ပဆက်သွယ်ရေးအကြံပေး အဖြစ် ဆက်လက်လုပ်ကိုင်မှာဖြစ်ပြီး လာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ရီပတ်ဘလီကန်ပါတီနဲ့ “Make America Great Again” လှုပ်ရှားမှုအတွင်း အရေးပါတဲ့ အသံတစ်ခုအဖြစ် ဆက်ရှိနေမယ်လို့ ထရမ့်နဲ့ လီဗစ်တို့က ပြောထားပါတယ်။
လီဗစ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ထရမ့်ရဲ့ ဒုတိယသမ္မတသက်တမ်း စတင်ချိန်က အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့ပြီး မီဒီယာဆက်ဆံရေးမှာ သမားရိုးကျ သတင်းဌာနတွေအပြင် podcast၊ အွန်လိုင်းမီဒီယာနဲ့ ဒစ်ဂျစ်တယ်အကြောင်းအရာဖန်တီးသူတွေကိုပါ အိမ်ဖြူတော် briefing room ထဲ ဝင်ရောက်ခွင့် ပိုပေးခဲ့ပါတယ်။
တစ်ဖက်မှာတော့ သူ့ရဲ့ သက်တမ်းအတွင်း အိမ်ဖြူတော်မီဒီယာဆက်ဆံရေးပုံစံ ပြောင်းလဲတာနဲ့ သတင်းမီဒီယာတချို့အပေါ် ခွဲခြားဆက်ဆံတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
လီဗစ်ရဲ့ နေရာမှာ ဘယ်သူကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူအသစ်အဖြစ် ခန့်အပ်မယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ ထရမ့်အစိုးရက မကြေညာသေးပါဘူး။

