Homeပြည်တွင်းသတင်းတာချီလိတ်လေဆိပ်မှာ PSMS စနစ်နဲ့ စစ်ဆေးရာက အမျိုးသမီးတဦး ဖမ်းဆီးခံရ

တာချီလိတ်လေဆိပ်မှာ PSMS စနစ်နဲ့ စစ်ဆေးရာက အမျိုးသမီးတဦး ဖမ်းဆီးခံရ

ဩဂုတ် ၁၃၊ ၂၀၂၆ | New Day Myanmar

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်လေဆိပ်မှာ ခရီးသည်တွေကို PSMS စနစ်နဲ့ စစ်ဆေးရာကနေ လောင်းကစားအမှုနဲ့ တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသူတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုနဲ့နီးစပ်တဲ့ သတင်းတွေက ဖော်ပြပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၁၂ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တာချီလိတ်လေဆိပ်ကနေ ဟဲဟိုးလေဆိပ်ကို ထွက်ခွာမယ့် ခရီးသည်တွေကို PSMS စနစ်အသုံးပြုပြီး စစ်ဆေးနေချိန်မှာ အေးငြိမ်းစံ (ခ) အိမ့် ဆိုသူကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

စစ်ဆေးချက်တွေအရ အေးငြိမ်းစံ (ခ) အိမ့်ဟာ တာချီလိတ်မြို့မရဲစခန်းမှာ ၂၀၂၄ ခုနှစ်က ဖွင့်လှစ်ထားတဲ့ လောင်းကစားဥပဒေပုဒ်မ ၁၈(က) အမှုနဲ့ တရားခံပြေးအဖြစ် သတ်မှတ်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် တာချီလိတ်လေဆိပ် လုံခြုံရေးရဲတပ်ဖွဲ့က သူ့ကို ဩဂုတ် ၁၂ ရက် ညနေ ၅ နာရီ ၂၅ မိနစ်မှာ ဟောင်လိတ်နယ်မြေရဲစခန်း ကို ခေါ်ဆောင်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူကို သက်ဆိုင်ရာအမှုနဲ့ပတ်သက်ပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။

Related News

Most Read