၃၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်က ကျောက်မီးသွေးတွင်းမှာ မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၃၄ ဦးအထိ မြင့်တက်လာပါတယ်။
ပေါက်ကွဲမှုဟာ ဇူလိုင် ၃၀ ရက်က ပြည်နယ်မြို့တော် ကွက်တာအနီး ဆော်ရိန်းချ် (Sorange) ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးကပ်တည်ရှိတဲ့ ကျောက်မီးသွေးတွင်းနှစ်ခု ထိခိုက်ပျက်စီးကာ တွင်းအစိတ်အပိုင်းတချို့ ပြိုကျခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားချိန် ပြိုကျသွားတဲ့ တွင်းအစိတ်အပိုင်းထဲမှာ အလုပ်သမား ၃၆ ဦး ရှိနေခဲ့ပြီး သေဆုံးသူ ၃၄ ဦးအထိ ရှိလာကာ ကျန်ရှိနေသေးတဲ့ မိုင်းလုပ်သားနှစ်ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ ဘာလိုချီစတန် သဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေအောက်အနက် ပေ ၄,၀၀၀ ခန့်အထိ ဆင်းပြီး ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးပြီး ပြည်နယ်အတွင်းရှိ ကျောက်မီးသွေးတွင်းတွေရဲ့ ဘေးကင်းရေးစနစ်တွေကို ပြန်လည်စစ်ဆေးမယ်လို့ ဘာလိုချီစတန် သတ္တုတွင်းဝန်ကြီး ရှိုအစ်ဘ် နိုရှာဝါနီက ပြောပါတယ်။
သေဆုံးသူတဦးချင်းစီရဲ့ မိသားစုကို ပါကစ္စတန်ရူပီး ၅၀၀,၀၀၀၊ အမေရိကန်ဒေါ်လာ ၁,၈၀၀ ခန့် ထောက်ပံ့ပေးမယ်လို့လည်း အာဏာပိုင်တွေက ကြေညာထားပါတယ်။
ဘာလိုချီစတန်က ကျောက်မီးသွေးတွင်းအများအပြားမှာ လေဝင်လေထွက်စနစ်၊ ဓာတ်ငွေ့စောင့်ကြည့်စနစ်နဲ့ အခြေခံဘေးကင်းရေးပစ္စည်းတွေ အားနည်းတာကြောင့် လူသေဆုံးမှုရှိတဲ့ မိုင်းတွင်းမတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။


