၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်ပြီး ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်လာနိုင်ကြောင်း မြန်မာနဲ့ နိုင်ငံတကာ မိုးလေဝသဌာနတွေက ခန့်မှန်းထားပါတယ်။
မြန်မာ မိုး/ဇလဌာနရဲ့ ဒီနေ့ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်မှာ ဒေသအလိုက် မိုးကြီးနိုင်ပါတယ်။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကရင်၊ ချင်း၊ မွန်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းမှာ လှိုင်းအမြင့် ၁၀ ပေကနေ ၁၂ ပေအထိ ရှိနိုင်ပြီး မိုးသက်လေပြင်းကျချိန် လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထိ ရှိနိုင်ပါတယ်။ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ လာမယ့်နှစ်ရက်အတွင်း မိုးပိုလာနိုင်ပါတယ်။
တရုတ်နိုင်ငံ ပေကျင်းမြို့က ကမ္ဘာ့မိုးလေဝသဗဟိုဌာနကလည်း ဇူလိုင် ၂၆ ရက်ကနေ ၂၉ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း နေရာတချို့မှာ မိုးရေချိန် ၂၀၀ မီလီမီတာကျော် ရွာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ မိုးကြီးတာကြောင့် ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။
ထိုင်းမိုးလေဝသဌာနက ကပ္ပလီပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုံလေ အားကောင်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ အိန္ဒိယဘက်က မုန်တိုင်းငယ်ဟာ အိန္ဒိယကုန်းတွင်းပိုင်းကို ရွေ့နေတဲ့အတွက် မြန်မာနိုင်ငံဘက် တိုက်ရိုက်ဝင်လာမယ့် အခြေအနေမရှိပေမယ့် မုတ်သုံလေ အားကောင်းနေတာကြောင့် မိုးဆက်များနိုင်ပါတယ်။
အာဆီယံအထူးမိုးလေဝသဗဟိုဌာနရဲ့ ရာသီအလိုက်ခန့်မှန်းချက်မှာလည်း မြန်မာနိုင်ငံကမ်းရိုးတန်းနဲ့ တောင်ပိုင်းဒေသတွေမှာ ပုံမှန်ထက် မိုးပိုများနိုင်ကြောင်း ဖော်ပြထားပါတယ်။
ကမ်းရိုးတန်းရေလုပ်သားတွေ၊ မြေနိမ့်ပိုင်း၊ မြစ်ချောင်းအနီးနဲ့ မြေပြိုနိုင်တဲ့ တောင်စောင်းဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ မိုး/ဇလဌာနရဲ့ သတိပေးချက်တွေကို ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။


