Homeပြည်တွင်းသတင်းဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာပြီးနောက် အရပ်သားအစုလိုက်သတ်ဖြတ်မှုတိုးလာ၊ ခြောက်လအတွင်း ၄၅၀ ကျော် သေဆုံး

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာပြီးနောက် အရပ်သားအစုလိုက်သတ်ဖြတ်မှုတိုးလာ၊ ခြောက်လအတွင်း ၄၅၀ ကျော် သေဆုံး

၂၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာစစ်တပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုဖွဲ့စည်းပုံ ပြောင်းလဲပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့နောက် အရပ်သားတွေအပေါ် ဖိနှိပ်တိုက်ခိုက်မှုနဲ့ လေကြောင်းဗုံးကြဲမှုတွေ ပိုမိုပြင်းထန်လာတယ်လို့ လက်နက်ကိုင်ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ ACLED က ပြောပါတယ်။

၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း အရပ်သားအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ၁၂ ကြိမ်ကျော် မှတ်တမ်းတင်ခဲ့ပြီး အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့တယ်လို့ ACLED ရဲ့ အချက်အလက်တွေကို ကိုးကားပြီး Reuters နဲ့ NBC News တို့က ဇူလိုင် ၂၇ ရက်မှာ ဖော်ပြပါတယ်။

သေဆုံးသူတွေရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသက ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးမြှင့်တင်နေချိန်မှာပဲ ပြည်တွင်းရှိ အရပ်သားတွေအပေါ် တိုက်ခိုက်သတ်ဖြတ်မှုတွေ ပိုမိုမြင့်တက်လာတာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်အုပ်စုက မတ်လအတွင်း စစ်ဘက်အမိန့်ပေးကွပ်ကဲမှုဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ပြီးနောက် အရပ်သားတွေဟာ ပိုမိုဆိုးရွားလာတဲ့ ဖိနှိပ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ရင်ဆိုင်နေကြရပါတယ်” လို့ ACLED က ပြောပါတယ်။

စစ်အုပ်စုဟာ ပစ်မှတ်တခုတည်းကို တိုက်လေယာဉ် နှစ်စီးကနေ ငါးစီးအထိပါတဲ့ အထူးလေယာဉ်အုပ်စုတွေသုံးပြီး ဆက်တိုက်ဗုံးကြဲတဲ့ နည်းဗျူဟာကို ပုံမှန်အသုံးပြုလာတယ်လို့လည်း အဖွဲ့က ထောက်ပြပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် စစ်တပ်အကြီးအကဲရာထူးကနေ သမ္မတအဖြစ် ပြောင်းလဲမယူခင် မတ်လကုန်ပိုင်းမှာ သူ့ရဲ့နှစ်ရှည်လများ ယုံကြည်စိတ်ချရသူနဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်ချုပ်အဖြစ် ခန့်အပ်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ စစ်အုပ်စုဟာ အရေးပါတဲ့ ရှားပါးမြေသတ္တုသိုက်တွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေရှိရာ နယ်စပ်ဒေသတွေအပါအဝင် ဒေသအများအပြားမှာ ထိုးစစ်တွေ ပြန်လည်ဆင်နွှဲခဲ့တယ်လို့ Reuters က ဖော်ပြပါတယ်။

မေလအတွင်းမှာလည်း ပုဂံတဖက်ကမ်းရှိ မြစ်ခြေမြို့နယ်အတွင်း စစ်သားရာနဲ့ချီ ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သားအနည်းဆုံး ၄၀ ကို သတ်ဖြတ်ခဲ့ပါတယ်။

“၂၀၂၆ ခုနှစ်အတွင်း စစ်တပ်ရဲ့လုပ်ရပ်တွေဟာ အရပ်သားတွေအပေါ် ဖိနှိပ်မှု လျော့နည်းသွားတာမဟုတ်ဘဲ ဖိနှိပ်တဲ့နည်းလမ်းတွေကို ပြောင်းလဲအသုံးပြုလာတာသာ ဖြစ်ပါတယ်” လို့ ACLED က ဆိုပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဧပြီလမှာ စစ်ခေါင်းဆောင်ရာထူးကနေ အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းပြီးနောက် အာဏာကို ပိုမိုခိုင်မာအောင်လုပ်နေတဲ့အတွက် အရပ်သားတွေအနေနဲ့ တိုက်ခိုက်မှုတွေကနေ သက်သာရာရနိုင်ခြေ မရှိသေးဘူးလို့လည်း ACLED က သတိပေးပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်ခဲ့သလို အာဆီယံနဲ့လည်း ပြန်လည်ထိတွေ့နိုင်ရေး ကြိုးပမ်းနေပြီး ဩဂုတ် ၆ ရက်ကနေ ၇ ရက်အထိ ထိုင်းနိုင်ငံကို တရားဝင်သွားရောက်ဖို့ စီစဉ်ထားပါတယ်။

Related News

Most Read