၂၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ သံဆူးကြိုးခြံစည်းရိုး တည်ဆောက်ဖို့ စဉ်းစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင် အာမက်က ပြောပါတယ်။
ဒါကာမြို့၊ ပီလ်ခါနာမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ဌာနချုပ်ကို သွားရောက်ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးက ဇူလိုင် ၂၀ ရက်မှာ အခုလို ပြောခဲ့တာပါ။
“နောက်ဆုံးဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ ဒါပေမဲ့ အဲဒီမှာ သံဆူးကြိုးခြံစည်းရိုးတည်ဆောက်ဖို့ အဆိုပြုချက်တခု ရှိပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာနယ်စပ်ဟာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးရဲ့ လှုပ်ရှားမှုတွေကြောင့် လုံခြုံရေးအရ ထိခိုက်လွယ်တဲ့နယ်မြေ ဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်အုပ်စုနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေတာအပြင် တခြားလက်နက်ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) နဲ့ နယ်စပ်တဖက်မှာ လှုပ်ရှားနေတဲ့ တခြားအဖွဲ့တွေကြား ပဋိပက္ခတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို မကြာခဏ သက်ရောက်လာတယ်လို့လည်း ဆိုပါတယ်။
နယ်စပ်ဒေသမတည်ငြိမ်မှုကြောင့် မူးယစ်ဆေးဝါးမှောင်ခိုမှုတွေ ဖြစ်ပေါ်နေသလို မြန်မာဘက်က ပစ်ခတ်မှုတွေ နယ်စပ်ကျော်ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။
မြန်မာနယ်စပ်ကနေ လူတွေကို တရားမဝင်တွန်းပို့ဖို့ ကြိုးပမ်းမှုအားလုံးကို BGB နဲ့ ဒေသခံတွေ ပူးပေါင်းတားဆီးနိုင်ခဲ့ပြီး သတ်မှတ်ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းပြင်ပကနေ ဘယ်သူ့ကိုမှ ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။
ဒါပေမဲ့ လူအနည်းငယ် တရားမဝင်ဝင်ရောက်လာတာတွေ ရှိခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက အဲဒီဖြစ်စဉ်တွေအပေါ် အရေးယူဆောင်ရွက်ခဲ့တယ်လို့လည်း ဝန်ကြီးက အသိပေးပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ နယ်စပ်မှာ လူသတ်မှု၊ တရားမဝင်ဝင်ရောက်မှု၊ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ ခဲယမ်းမှောင်ခိုမှုအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တားဆီးဖို့ သံဆူးကြိုးခြံစည်းရိုးအစီအစဉ်ကို ဇွန်လအတွင်း လွှတ်တော်မှာလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အိန္ဒိယဘက်က လူတွေကို ဘင်္ဂလားဒေ့ရှ်နယ်စပ်ထဲ တွန်းပို့ဖို့ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ အနောက်ဘင်္ဂလားအစိုးရရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို တုံ့ပြန်မှာမဟုတ်ဘဲ အိန္ဒိယဗဟိုအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အိန္ဒိယမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ရှိနေတယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် အမည်စာရင်းပေးပို့ရမှာဖြစ်ပြီး နိုင်ငံသားဖြစ်ကြောင်း စိစစ်အတည်ပြုပြီးမှ တရားဝင်လုပ်ထုံးလုပ်နည်းနဲ့ ပြန်လည်ခေါ်ယူမယ်လို့လည်း ဆိုပါတယ်။


