Homeပြည်တွင်းသတင်းမြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ပေါ် မဂ္ဂါဝပ် ၂,၇၉၀ ရေအားလျှပ်စစ်စီမံကိန်း လေ့လာဖို့ သဘောတူ

မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ပေါ် မဂ္ဂါဝပ် ၂,၇၉၀ ရေအားလျှပ်စစ်စီမံကိန်း လေ့လာဖို့ သဘောတူ

၆ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာနဲ့ လာအိုနှစ်နိုင်ငံကြား နယ်နိမိတ်အဖြစ် စီးဆင်းနေတဲ့ မဲခေါင်မြစ်ပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂,၇၉၀ အထိ ထုတ်လုပ်နိုင်မယ့် ရေအားလျှပ်စစ်စီမံကိန်းတခုအတွက် ဖြစ်တန်ခြေလေ့လာဖို့ နှစ်နိုင်ငံက သဘောတူလိုက်ပါတယ်။

စီမံကိန်းဖြစ်တန်ခြေလေ့လာရေး ပူးတွဲသဘောတူစာချုပ်ကို ဇူလိုင် ၄ ရက်က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သုံးရက်ကြာ လာအိုခရီးစဉ်အတွင်း လက်မှတ်ထိုးခဲ့တာပါ။

မြန်မာဘက်က Primus Sapphire Power Co., Ltd. နဲ့ လာအိုဘက်က Phongsupthavy Group Sole Co., Ltd. တို့က စီမံကိန်းဖြစ်တန်ခြေလေ့လာမှုကို ၃၄ လအတွင်း အပြီးဆောင်ရွက်ဖို့ သဘောတူထားပါတယ်။

လက်ရှိ လက်မှတ်ထိုးထားတာဟာ စီမံကိန်းတည်ဆောက်ဖို့ အပြီးသတ်စာချုပ် မဟုတ်သေးဘဲ နည်းပညာပိုင်း၊ စီးပွားရေးအရ ဖြစ်နိုင်ခြေနဲ့ အကောင်အထည်ဖော်နိုင်မှုတွေကို လေ့လာမယ့် အဆင့်သာ ဖြစ်ပါတယ်။

မြန်မာဘက်ကတော့ စီမံကိန်းပြီးစီးရင် ဒေသတွင်း လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သလို အာဆီယံရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရည်မှန်းချက်တွေကိုလည်း အထောက်အကူပြုနိုင်တယ်လို့ ပြောထားပါတယ်။

မဲခေါင်မြစ်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ လာအိုနိုင်ငံမြောက်ပိုင်းကြား မိုင် ၁၅၀ နီးပါးကို နယ်နိမိတ်အဖြစ် ပိုင်းခြားထားပါတယ်။

မြန်မာနဲ့ လာအိုကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်မှာ စတင်လက်မှတ်ရေးထိုးခဲ့ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှာ နောက်ထပ်ငါးနှစ် သက်တမ်းတိုးခဲ့ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ဟာ ထိုင်းနဲ့ လာအိုက ရောင်းချတဲ့ လျှပ်စစ်ကို မှီခိုနေရပြီး ၂၀၂၅ ခုနှစ်မှာ ထိုင်းဘက်က လျှပ်စစ်ဖြတ်တောက်ပြီးနောက် လာအိုက လျှပ်စစ်ကို ပိုမိုမှီခိုလာရပါတယ်။

လာအိုနိုင်ငံက ရေအားလျှပ်စစ်ထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ကာ “အာဆီယံရဲ့ ဘက်ထရီ” ဖြစ်လာဖို့ ရည်မှန်းထားပေမယ့် မဲခေါင်မြစ်ပေါ်က ဆည်စီမံကိန်းတွေကြောင့် မြစ်ရေစီးဆင်းမှုပုံစံ၊ ငါးမျိုးစိတ်၊ စိုက်ပျိုးရေးနဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်နိုင်တယ်ဆိုပြီး ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။

လက်ရှိထုတ်ပြန်ချက်တွေမှာ စီမံကိန်းတည်ဆောက်မယ့် နေရာအတိအကျ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ အကျိုးအမြတ်ခွဲဝေမှုနဲ့ ပတ်ဝန်းကျင်၊ လူမှုရေးထိခိုက်မှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို မဖော်ပြသေးပါဘူး။

Related News

Most Read