၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကိုဟာ အင်ဒိုနီးရှားနိုင်ငံကနေ ဘယ်လာရုစ်ကို ပြန်တဲ့လမ်းမှာ မြန်မာနိုင်ငံကို နာရီပိုင်း လမ်းကြုံဝင်ရောက်ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
လူကာရှင်ကိုစီးနင်းတဲ့ Boeing 767 လေယာဉ်ရဲ့ ခရီးစဉ်အချက်အလက်အရ ဇူလိုင်လ ၂ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ နေပြည်တော်ကို ပျံသန်းလာပြီးနောက် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ကို တိုက်ရိုက်ဆက်လက်ထွက်ခွာဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဘယ်လာရုစ်နဲ့ စစ်အုပ်စုဘက်က ဒီခရီးစဉ်ကို အလုပ်သဘောခရီးစဉ်လို့ ဖော်ပြထားပေမယ့် နေပြည်တော်မှာ နာရီပိုင်းသာ ရပ်နားပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ လမ်းကြုံခရီးစဉ်ပုံစံ ဖြစ်ပါတယ်။
လူကာရှင်ကိုကိုယ်တိုင်ကလည်း တခြားနိုင်ငံတွေကို သွားရောက်ပြီးနောက် ဒီဒေသအထိ ရောက်နေချိန်မှာ မင်းအောင်လှိုင်ဆီ လာရောက်တွေ့ဆုံဖို့ အခွင့်အရေးကို လက်မလွတ်လိုတာကြောင့် ဝင်ရောက်လာခဲ့တာလို့ ပြောပါတယ်။
တွေ့ဆုံမှုအတွင်း လူကာရှင်ကိုက မြန်မာ-ဘယ်လာရုစ် ဆက်ဆံရေးကို ဒေသတွင်း တခြားနိုင်ငံတွေအတွက် စံနမူနာဖြစ်လာနိုင်တဲ့အဆင့်အထိ တည်ဆောက်သွားမယ်လို့ ပြောခဲ့ပါတယ်။
နှစ်ဖက်ဟာ ၂၀၂၆ ခုနှစ်ကနေ ၂၀၂၈ ခုနှစ်အထိ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစီမံချက်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
လူကာရှင်ကိုဟာ ဇွန်လ ၂၆ ရက်မှာ ရုရှားနိုင်ငံ ဗယ်လ်ဒိုင်ဒေသမှာ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဆက်လက်သွားရောက်ခဲ့ပါတယ်။
လူကာရှင်ကိုဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်လာရောက်ခဲ့တာကြောင့် ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ်မြောက် ဝင်ရောက်လာတာ ဖြစ်ပါတယ်။


