၂၈ ဇွန် ၂၀၂၆ | New Day Myanmar
ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းရဲ့ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာကို သတ်ဖြတ်ခဲ့သူတွေနဲ့ သူတို့ရဲ့အပေါင်းအပါတွေက အမှားကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ထုတ်ပြန်ပါတယ်။
တပ်ရင်းမှူး ပုလဲမောင်ဟာ ဇွန်လ ၂၆ ရက်မှာ ယင်းမာပင်ခရိုင်စစ်ဌာန ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေးကို တက်ရောက်နေချိန် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုလဲမောင် သတ်ဖြတ်ခံရတာအတွက် ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းကြောင်း အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ပြောပါတယ်။
ဒါ့အပြင် သတ်ဖြတ်ခဲ့သူတွေနဲ့ သူတို့ရဲ့အပေါင်းအပါတွေဟာ ဖြစ်စဉ်အပေါ် သူတို့ရဲ့အမှားကို ဖုံးကွယ်ဖို့ လုပ်ကြံဖန်တီးထားတဲ့ ရုပ်သံနဲ့ အသံဖိုင်တွေကို သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်တွေပေါ် ဖြန့်ဝေနေတယ်လို့လည်း စွပ်စွဲထားပါတယ်။
အဲဒီလို ဖြန့်ဝေတာဟာ သေဆုံးခဲ့တဲ့ ပုလဲမောင်ရဲ့ တော်လှန်ရေးဂုဏ်သိက္ခာကို ထိခိုက်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ရွှေဘိုခရိုင်စစ်ဌာနက ဆိုပါတယ်။
အဲဒီလုပ်ရပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုသာမက နွေဦးတော်လှန်ရေးတစ်ရပ်လုံးကိုပါ ထိခိုက်နစ်နာစေတဲ့ တန်ပြန်တော်လှန်ရေးလုပ်ရပ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုလဲမောင် သတ်ဖြတ်ခံရတဲ့အမှုမှာ အမှန်တရားပေါ်ပေါက်ရေးနဲ့ သတ်ဖြတ်သူတွေ၊ ပူးပေါင်းပါဝင်သူတွေအပြင် နောက်ကွယ်က ကြိုးကိုင်စေခိုင်းသူတွေကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ပြောပါတယ်။
နောင်မှာ အလားတူဖြစ်စဉ်တွေ ထပ်မံမဖြစ်ပွားစေဖို့ ကျူးလွန်သူတွေကို စံပြအရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။
ပုံစာ – ပစ်ခတ်လုပ်ကြံခံရသည့် ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ဓာတ်ပုံ – Kan Lin Aung’s Facebook


