၂၂ ဇွန် ၂၀၂၆ | New Day Myanmar
အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိတဲ့ SIM ကတ် ၁၄၃,၄၀၉ ကတ်ကို အပြီးတိုင်ပိတ်သိမ်းခဲ့တယ်လို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
နိုင်ငံပိုင်သတင်းစာ The Global New Light of Myanmar ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဇွန်လ ၂၂ ရက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အဲဒီ SIM ကတ်တွေဟာ အွန်လိုင်းလောင်းကစားနဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာတူ မက်ဆေ့ချ်တွေကို အရေအတွက်အများအပြား ပေးပို့နေကြောင်း တွေ့ရှိခဲ့တဲ့အတွက် ၂၀၂၅ ခုနှစ် မတ်လကနေ ၂၀၂၆ ခုနှစ် မေလအတွင်း အပြီးတိုင်ပိတ်သိမ်းခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ဆက်နွှယ်တဲ့ တရားမဝင်ငွေကြေးအကောင့်တွေ ဖွင့်လှစ်အသုံးပြုရာမှာ သုံးခဲ့တယ်ဆိုတဲ့ SIM ကတ် ၁,၁၂၀ ကိုလည်း ပိတ်သိမ်းခဲ့ပါတယ်။
အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ဆက်နွှယ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တဲ့ မိုဘိုင်းငွေကြေးအကောင့် ၁,၀၀၀ ကျော်ကိုလည်း အပြီးတိုင်ပိတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း လောင်းကစားဝက်ဘ်ဆိုက်နဲ့ အပလီကေးရှင်း ၁၀၂ ခုကို မြန်မာနိုင်ငံအတွင်းက ဝင်ရောက်အသုံးပြုလို့မရအောင် IP ကန့်သတ်မှုနဲ့ ပိတ်ဆို့ခဲ့တယ်လို့လည်း ဆိုပါတယ်။
အွန်လိုင်းစလော့ဂိမ်းကြော်ငြာတွေကို မြှင့်တင်ကြော်ငြာပေးခဲ့တဲ့ သရုပ်ဆောင်တွေ၊ လူမှုကွန်ရက်ပေါ်မှာ လွှမ်းမိုးမှုရှိသူတွေနဲ့ တခြားပါဝင်ပတ်သက်သူတွေကို ဥပဒေအရ အရေးယူဖို့ စတင်ဆောင်ရွက်နေတယ်လို့ စစ်အုပ်စုဘက်က ပြောပါတယ်။
ဒါပေမဲ့ အရေးယူခံရမယ့် သရုပ်ဆောင်တွေနဲ့ လူမှုကွန်ရက်လွှမ်းမိုးသူတွေရဲ့ အမည်စာရင်း၊ အရေအတွက်နဲ့ ဘယ်ဥပဒေပုဒ်မတွေအရ အရေးယူမယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
SIM ကတ်နဲ့ မိုဘိုင်းငွေကြေးအကောင့်တွေကို ဘယ်လိုစံနှုန်းတွေနဲ့ စစ်ဆေးဖော်ထုတ်ခဲ့တယ်၊ အကောင့်ပိုင်ရှင်တွေကို အယူခံဝင်ခွင့်ပေးထားခြင်း ရှိ၊ မရှိဆိုတာကိုလည်း ထုတ်ပြန်ချက်မှာ ရှင်းလင်းစွာ ဖော်ပြမထားပါဘူး။
စစ်အုပ်စုထိန်းချုပ်ထားတဲ့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ပါ ကိန်းဂဏန်းတွေနဲ့ အရေးယူဆောင်ရွက်မှုတွေကို New Day Myanmar အနေနဲ့ သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


