၁၆ ဇွန် ၂၀၂၆ | New Day Myanmar
ပဲခူးတိုင်း၊ ကညွှတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်ရှိ သင်္ချိုင်းကုန်းအနီး မြေတူးဖော်ထားတဲ့ ရေအိုင်တစ်ခုအတွင်း အမွှာနှစ်ဦးအပါအဝင် မောင်နှမ ၃ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ဇွန်လ ၁၅ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ အသက် ၁၂ နှစ်အရွယ် အမွှာမောင်နှမနှစ်ဦးနဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
“အမွှာ ၂ ယောက်နဲ့ အငယ် ၁ ယောက်၊ တစ်အိမ်တည်းက မောင်နှမ ၃ ယောက်ရေနစ်ပြီးဆုံးတာပါ။ လူကြီးတွေ မရှိတဲ့အချိန် ဖြစ်သွားတာပါ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကို ကညွှတ်ကွင်းမြို့ နာရေးကူညီမှုအသင်းက သွားရောက်ကူညီခဲ့ပြီး ဆေးရုံမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လတ်တလောကာလအတွင်း မြန်မာနိုင်ငံရှိ မြို့နယ်အများအပြားမှာ ကလေးငယ်တွေ ရေနစ်သေဆုံးမှု ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် မိဘတွေအနေနဲ့ ကလေးငယ်တွေကို အနီးကပ်ဂရုစိုက် စောင့်ရှောက်ကြဖို့ လူမှုကူညီရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။


