Homeပြည်တွင်းသတင်းယောနယ်တောင်ပိုင်းက စစ်ရှောင်ပြည်သူ ၁ သောင်းခွဲကျော် ဆန်နဲ့ အခြေခံစားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ယောနယ်တောင်ပိုင်းက စစ်ရှောင်ပြည်သူ ၁ သောင်းခွဲကျော် ဆန်နဲ့ အခြေခံစားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

၁၅ ဇွန် ၂၀၂၆ | New Day Myanmar

ယောနယ်တောင်ပိုင်းက စစ်ရှောင်ပြည်သူ ၁ သောင်းခွဲကျော်ဟာ ဆန်နဲ့ အခြေခံစားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

လောင်းရှည်-ကျောက်ထု-ပေါက်လမ်းပိုင်းတစ်လျှောက်က ကျေးရွာ ၂၅ ရွာနဲ့ ဆောမြို့က ပြည်သူတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတာ တစ်လကျော်ကြာလာပြီဖြစ်ပြီး အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်တွေ တဖြည်းဖြည်းမြင့်တက်လာနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုတပ်တွေဟာ တပြင်းရွာနဲ့ ကံချောင်းရွာတွေမှာ နေရာယူထားပြီး လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်လို့ ဒေသခံသတင်းအရင်းမြစ်တွေက ဆိုပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်တောင်ပိုင်းက မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေဟာ ယောနယ်တောင်ပိုင်းကိုပါ ရိက္ခာဖြတ်တောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အချို့နေရာတွေမှာ အနည်းအကျဉ်း အဆင်ပြေနေသေးပေမယ့် နေရာအများစုမှာတော့ နေ့စဉ်စားဖို့ ဆန်တောင် ခက်ခဲနေကြပြီ။ အရေးပေါ်အကူအညီတွေ ချက်ချင်းလိုအပ်နေတယ်” လို့ ယောနယ်စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်ရှောင်ပြည်သူတွေအတွက် အဓိကလိုအပ်နေတာက ဆန်နဲ့ အခြေခံစားသောက်ကုန်တွေဖြစ်ပြီး အမြန်ဆုံး ဖြည့်ဆည်းပေးဖို့ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။

ပြည်တွင်း၊ ပြည်ပက လှူဒါန်းလိုသူတွေအနေနဲ့ “ယောအလင်းတန်း” Page ရဲ့ Messenger ကတဆင့်ဖြစ်စေ၊ သက်ဆိုင်ရာအဖွဲ့ဝင်တွေရဲ့ လူမှုကွန်ရက်အကောင့်တွေကတဆင့်ဖြစ်စေ ဆက်သွယ်ကူညီနိုင်တယ်လို့ ယောအလင်းတန်းအဖွဲ့က အသိပေးထားပါတယ်။

“မိမိကိုယ်တိုင် မလှူဒါန်းနိုင်ရင်တောင် ကူညီချင်တဲ့ အလှူရှင်တွေဆီ ရောက်ရှိသွားအောင် ဒီသတင်းစကားကို တစ်ဖက်တစ်လမ်းကနေ Share ပေးပြီး ဝိုင်းဝန်းကူညီပေးကြပါဦး။ အခုလို အကျပ်အတည်းကာလမှာ မိမိတို့ရဲ့ စုပေါင်းအားနဲ့ ကူညီမှုတစ်ခုချင်းစီဟာ စစ်ရှောင်ပြည်သူတွေအတွက် အသက်ဆက်စရာ မျှော်လင့်ချက်အစစ်အမှန် ဖြစ်လာမှာပါ” လို့ ယောအလင်းတန်းအဖွဲ့က မျှဝေထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး