Homeပြည်တွင်းသတင်းရင်ချင်းဆက်အမွှာ မကြာညိုသင်းနဲ့ မကြာညိုသိမ့်တို့ကို ၉ နာရီ ၃၅ မိနစ်ကြာ ခွဲစိတ်၊ အောင်မြင်မှုရရှိ

ရင်ချင်းဆက်အမွှာ မကြာညိုသင်းနဲ့ မကြာညိုသိမ့်တို့ကို ၉ နာရီ ၃၅ မိနစ်ကြာ ခွဲစိတ်၊ အောင်မြင်မှုရရှိ

၁၅ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်ကလေးဆေးရုံကြီးမှာ ရင်ချင်းဆက်အမွှာ မိန်းကလေးငယ်နှစ်ဦးဖြစ်တဲ့ မကြာညိုသင်းနဲ့ မကြာညိုသိမ့်တို့ကို ၉ နာရီ ၃၅ မိနစ်ကြာ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တယ်လို့ စစ်အုပ်စု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အသက် ၂ နှစ်နဲ့ ၅ လအရွယ်ရှိ မကြာညိုသင်းနဲ့ မကြာညိုသိမ့်တို့ကို ဇွန်လ ၁၁ ရက် မနက် ၁၀ နာရီ ၁၀ မိနစ်ကစတင်ပြီး စုစုပေါင်း ခွဲစိတ်ချိန် ၉ နာရီ ၃၅ မိနစ်ကြာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုအပြီးမှာ ကလေးငယ်နှစ်ဦးကို အထူးကြပ်မတ်ကုသဌာနမှာ ဆက်လက်စောင့်ကြည့်ကုသနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကလေးငယ်နှစ်ဦးဟာ ပခုက္ကူမြို့မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် မိခင်ရဲ့ ဒုတိယမြောက်ကိုယ်ဝန်အဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှာ မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ခွဲစိတ်မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

မွေးဖွားပြီးနောက်မှာ ကုတင် ၅၅၀ ဆံ့ မန္တလေးကလေးဆေးရုံကြီးမှာ ထားရှိပြုစုခဲ့ပြီး အသက် ၆ လအရွယ်မှာတော့ ကုတင် ၅၅၀ ဆံ့ ရန်ကုန်ကလေးဆေးရုံကြီး ရန်ကင်းကို ပြောင်းရွှေ့ထားရှိကာ ဆက်လက်ပြုစုစောင့်ရှောက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာတော့ ခွဲစိတ်ကုသမှု ဆောင်ရွက်နိုင်ဖို့ ရန်ကုန်ကလေးဆေးရုံကြီးကို ပြောင်းရွှေ့ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၁၁ ရက်နေ့ ခွဲစိတ်မှုကို ရန်ကုန်ကလေးဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ထွန်းဦး ဦးဆောင်စီမံခန့်ခွဲခဲ့ပြီး ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေ၊ မေ့ဆေးအထူးကုအဖွဲ့တွေ၊ ကလေးအထူးကုအဖွဲ့တွေ၊ သူနာပြုအဖွဲ့တွေနဲ့ အငြိမ်းစား ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေလည်း ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ခွဲစိတ်ကုသမှုအဖွဲ့တွေမှာ ရန်ကုန်ကလေးဆေးရုံကြီး၊ မန္တလေးကလေးဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး ရန်ကင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနဲ့ ဆေးတက္ကသိုလ် ၁ ရန်ကုန်တို့က ဆရာဝန်ကြီးတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ရင်ချင်းဆက်အမွှာ ခွဲစိတ်ကုသမှုတွေကို ရန်ကုန်ကလေးဆေးရုံကြီးမှာ ယခုခွဲစိတ်မှုအပါအဝင် ၉ ကြိမ်၊ မန္တလေးကလေးဆေးရုံကြီးမှာ ၃ ကြိမ် ဆောင်ရွက်ခဲ့ပြီး ပြည်ပပညာရှင်တွေ ပါဝင်ခြင်းမရှိဘဲ ပြည်တွင်းဆေးပညာရှင်တွေနဲ့ ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး