Homeပြည်တွင်းသတင်းမိသားစုလူယုံက ခေါ်ဖွက်ထားတဲ့ ၁၃ နှစ်အရွယ် မောင်ကျော်ဇင်သွေး တစ်လကျော် ပျောက်ဆုံးနေရာက ပြန်လည်ရှာဖွေတွေ့ရှိ

မိသားစုလူယုံက ခေါ်ဖွက်ထားတဲ့ ၁၃ နှစ်အရွယ် မောင်ကျော်ဇင်သွေး တစ်လကျော် ပျောက်ဆုံးနေရာက ပြန်လည်ရှာဖွေတွေ့ရှိ

၁၃ ဇွန် ၂၀၂၆ | New Day Myanmar

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ မိသားစုရဲ့ လူယုံတစ်ဦးက ခေါ်ယူဖွက်ထားခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ကျော်ဇင်သွေးဟာ တစ်လကျော် ပျောက်ဆုံးနေရာကနေ ဇွန် ၁၂ ရက်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားပါတယ်။

မိသားစုက မိဘလို ယုံကြည်အားကိုးခဲ့ရတဲ့သူကပဲ ကလေးကို မိဘတွေနဲ့ အဆက်အသွယ်ပြတ်အောင်လုပ်ပြီး လူသူမနီးတဲ့ ကျောက်ကွင်းပျက် (ဒေသအခေါ်) ဘက်မှာ သွားရောက်ဖွက်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂၁)၊ တောင်ဂေါ်ရခါးစုမှာ နေထိုင်တဲ့ Grade-8 တက်ရောက်မယ့် မောင်ကျော်ဇင်သွေးဟာ မေလ ၃ ရက် ညပိုင်းက မိသားစုနဲ့အတူ ဘုရားရှိခိုးပြီးနောက် သူ့အခန်းထဲ ဝင်အိပ်ခဲ့ရာက စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ည ၉ နာရီကနေ ၁၁ နာရီခွဲဝန်းကျင်အတွင်း နေအိမ်က ထွက်ခွာသွားခဲ့ပြီး မနက် ၅ နာရီမှာ ဖခင်ဖြစ်သူ အိပ်ရာနိုးချိန် အခန်းဖွင့်ကြည့်ရာမှာ သားဖြစ်သူကို မတွေ့ရတော့သလို ဖုန်းလည်း ပါမသွားတာကြောင့် ဆက်သွယ်လို့မရဘဲ တစ်လကျော်ကြာ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

မိသားစုရဲ့ ပြောပြချက်အရ ကလေးပျောက်ဆုံးသွားတဲ့နေ့မှာပဲ မိသားစုက အလွန်ယုံကြည်ထားရသူက မိုးကြိုးဈေးမှာ ကလေးကို ခေါ်ဆောင်သွားပြီး သပြေရေကျေးရွာအနီး ကျောက်ကျင်းပျက်တစ်ခုထဲမှာ သွားရောက်ဖွက်ထားခဲ့တာဖြစ်ကာ မိဘတွေနဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်ထားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် လူမှုကွန်ရက်နဲ့ မီဒီယာတွေမှာ ကလေးပျောက်ဆုံးမှု သတင်းတွေ ပျံ့နှံ့လာပြီးနောက် ဇွန် ၁၂ ရက် မနက်ပိုင်းမှာ သပြေရေရွာက အမျိုးသမီးတစ်ဦးက အဆိုပါသတင်းကို မြင်တွေ့ခဲ့ပြီး ကလေးရှိနေတဲ့နေရာကို သတင်းပေး အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဇွန် ၁၂ ရက် ည ၇ နာရီဝန်းကျင်မှာ မိသားစုဝင်တွေက ကလေးရှိနေတဲ့နေရာကို သွားရောက်ပြီး ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကလေးကို ခေါ်ယူသွားသူကိုတော့ သက်ဆိုင်ရာရဲစခန်းမှာ တရားစွဲဆိုတာ မလုပ်တော့ဘဲ ခံဝန်လက်မှတ်ရေးထိုးစေပြီး အမှုကျေအေးခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုရဲ့ ပြောကြားချက်အရ ခေါ်ယူသွားသူဟာ အရင်ကတည်းက မိဘသဖွယ် ယုံကြည်ခဲ့ရသူဖြစ်တာကြောင့် ကြီးကြီးမားမား အရေးမယူတော့ဘဲ နောက်ထပ် အလားတူဖြစ်ရပ်မျိုး မလုပ်ဖို့ သတိပေးပြီး ခံဝန်နဲ့သာ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိသားစုက “ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့” ဆိုတဲ့ မိဘဘိုးဘွားတွေရဲ့ ဆုံးမစကားကို လက်ကိုင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူတာမျိုး မလုပ်တော့ဘူးလို့ ပြောထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး