Homeအထူးသတင်းအိမ်ရှင် ကနေဒါနဲ့ ဘော့စနီးယား-ဟာဇီဂိုဗီးနားတို့ တစ်ဂိုးစီသရေကျ

အိမ်ရှင် ကနေဒါနဲ့ ဘော့စနီးယား-ဟာဇီဂိုဗီးနားတို့ တစ်ဂိုးစီသရေကျ

၁၃ ဇွန် ၂၀၂၆ | New Day Myanmar

၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (B) အဖွင့်ပွဲစဉ်မှာ ပူးတွဲအိမ်ရှင် ကနေဒါအသင်းနဲ့ ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တယ်လို့ Daily Mail က ဖော်ပြပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ဇွန်လ ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဒီပွဲမှာ ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းက ပွဲချိန် ၂၁ မိနစ်မှာ ဂျိုဗိုလူကစ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းတစ်လျှောက် ကနေဒါအသင်းက ဂိုးသွင်းခွင့်အချို့ ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့သလို ဘော့စနီးယားအသင်းရဲ့ ခံစစ်ကလည်း အမှားအယွင်းနည်းခဲ့တာကြောင့် အိမ်ရှင်အသင်းဟာ တစ်ဂိုးအရှုံးနဲ့ ပထမပိုင်းကို ဖြတ်သန်းခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ကနေဒါနည်းပြရဲ့ လူစားလဲမှုက အကျိုးသက်ရောက်မှုရှိခဲ့ပြီး လူစားဝင် တိုက်စစ်မှူး ဆိုင်းလ် လာရင်က ပွဲချိန် ၇၈ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

ဆောက်သမ်ပတန်တိုက်စစ်မှူး လာရင်ဟာ ကွင်းထဲဝင်ရောက်လာပြီး မကြာခင်မှာပဲ ဂိုးဧရိယာအတွင်း ပြိုင်ဘက်နောက်ခံလူ တာရစ် မူဟာရီမိုဗစ်ကို ကျော်ဖြတ်ကာ ကန်သွင်းခဲ့ရာ ဘော့စနီးယားဂိုးသမား နီကိုလာ ဗာဆီလ် လက်မမီနိုင်ဘဲ ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီသရေရလဒ်ကြောင့် ကနေဒါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး ရမှတ်ကို စတင်ရယူနိုင်ခဲ့ပြီး အုပ်စု (B) မှာ နောက်တစ်ဆင့်တက်ရောက်ရေး မျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး