၁၂ ဇွန် ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ စက်သုံးဆီဂိုဒေါင် ပေါက်ကွဲမီးလောင်မှုကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ မီးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ဖို့အတွက် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ရံပုံငွေ ကျပ်သိန်း ၆,၀၀၀ ကူညီလှူဒါန်းခဲ့တယ်လို့ UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း နမ့်ခမ်းမြို့အဝင် ကောင်းတပ်ကျေးရွာရှိ စက်သုံးဆီသိုလှောင်ရုံတစ်ခုမှာ ဂဟေဆော်ရာကနေ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှု အကြီးအကျယ် ဆက်လက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ကောင်းတပ်ကျေးရွာက ဒေသခံတွေရဲ့ နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ရသလို လူနေအိမ်နဲ့ အဆောက်အအုံ ရာနဲ့ချီပြီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ရုတ်တရက် မီးဘေးဒဏ်ကြောင့် အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေ ပြန်လည်နေထိုင်နိုင်ရေးနဲ့ ကျေးရွာပြန်လည်ထူထောင်ရေးအတွက် UWSA က ရံပုံငွေ ကျပ်သိန်း ၆,၀၀၀ တိတိ ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မီးဘေးသင့်ဒေသခံတွေအတွက် နေအိမ်တွေ ပြန်လည်တည်ဆောက်ပေးနိုင်ဖို့ တာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ညီရန်း


