၅ ဇွန် ၂၀၂၆ | New Day Myanmar
အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေရဲ့ ကြော်ငြာတွေကို ထိထိရောက်ရောက် စိစစ်တားဆီးပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ စားသုံးသူကောင်စီက Facebook ဟာ သုံးစွဲသူတွေကို ကျားဖြန့်ဂိုဏ်းတွေရဲ့ ပစ်မှတ်ထားလိမ်လည်မှုတွေကနေ ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲထားပြီး Facebook ပေါ်မှာ ကျားဖြန့်ကြော်ငြာတွေဟာ သုံးစွဲသူတွေဆီ အဆီးအတားမရှိ ရောက်ရှိနေဆဲဖြစ်တယ်လို့ ဇွန်လ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
Meta ဘက်ကတော့ အဆိုပါ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လတ်တလော တုံ့ပြန်မှတ်ချက်ပေးထားတာ မရှိသေးပါဘူး။ ဒါပေမယ့် ယခင်က အလားတူ စွပ်စွဲမှုတွေ ကြုံတွေ့ရချိန်မှာတော့ ကုမ္ပဏီပိုင် လူမှုကွန်ရက်ပလက်ဖောင်းတွေကို မလျော်မကန် အသုံးချတာတွေကို တားဆီးဖို့နဲ့ ကျားဖြန့်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားဖို့ ဥပဒေပြုသူတွေနဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
နိုင်ငံတကာအစိုးရတွေဟာ ကျားဖြန့်ဂိုဏ်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက်အဖွဲ့အစည်းတွေက လူမှုကွန်ရက်သုံးစွဲသူတွေကို ပိုမိုပစ်မှတ်ထားလာတဲ့အပေါ် တင်းကျပ်တဲ့ စောင့်ကြည့်ထိန်းချုပ်မှုတွေ လုပ်ဆောင်လာနေချိန်မှာပဲ ထိုင်းနိုင်ငံရဲ့ ယခုတရားစွဲဆိုမယ့် အစီအစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။
စားသုံးသူကောင်စီရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း Facebook နဲ့ ဆက်နွှယ်တဲ့ တိုင်ကြားမှု ၃,၇၉၃ မှုအထိ လက်ခံရရှိခဲ့ပြီး အဲဒီထဲမှာ ငွေလိမ်ခံရမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုအမည်ခံ လိမ်လည်မှုတွေ၊ ငွေပေးချေပြီး ပစ္စည်းမရောက်လာတဲ့ အွန်လိုင်းဝယ်ယူမှုတွေ၊ ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံရပြီး လိမ်လည်မှုတွေမှာ အသုံးချခံရတဲ့ ဖြစ်စဉ်တွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံက ဆိုက်ဘာလုံခြုံရေး စောင့်ကြည့်ရေးအဖွဲ့တွေကလည်း သူတို့ဟာ Meta ရဲ့ မိခင်ကုမ္ပဏီနဲ့ ဒေသဆိုင်ရာရုံးခွဲတွေကို တစ်နှစ်ကျော်ကြာ ဆက်သွယ်အကြောင်းကြားခဲ့ပေမယ့် Facebook ပေါ်က ကျားဖြန့်ကြော်ငြာတွေကို ထိထိရောက်ရောက် ပိတ်ပင်နိုင်တဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူးလို့ ပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံမှာ Facebook သုံးစွဲသူ ၅၁ သန်းကျော် ရှိနေပြီး Meta အပေါ် တရားစွဲဆိုမယ့် အစီအစဉ်ကို ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေပေါ်က စားသုံးသူအကာအကွယ်ပေးရေး စံနှုန်းတွေနဲ့ နိုင်ငံတကာစည်းမျဉ်းတွေကို အခြေခံကာ ပြင်ဆင်ထားကြောင်း စားသုံးသူကောင်စီ ဥက္ကဋ္ဌ ဆာရီး အွန်ဆွန်ဝမ်က ပြောကြားထားပါတယ်။
စားသုံးသူကောင်စီအနေနဲ့ Meta အပေါ် တရားစွဲဆိုမယ့် အမှုကို ဇွန်လ ၈ ရက်နေ့မှာ အရပ်ဖက်တရားရုံးတစ်ခုသို့ တင်သွင်းသွားမယ်လို့ သိရပါတယ်။


