၁ ဇွန် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုအများဆုံး နိုင်ငံများစာရင်းမှာ ဆက်လက်ပါဝင်နေပြီး ၂၀၂၁ ခုနှစ်ကစတင်ကာ ငါးနှစ်ဆက်တိုက် ကမ္ဘာ့အဆိုးဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) က ထုတ်ပြန်ထားပါတယ်။
ITUC ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ယခုနှစ်မှာ အာဂျင်တီးနား၊ ဘီလာရုစ်၊ အီဂျစ်နဲ့ တူရကီနိုင်ငံတို့နဲ့အတူ အလုပ်သမားအခွင့်အရေး အဆိုးရွားဆုံးနိုင်ငံများစာရင်းမှာ ထပ်မံပါဝင်လာတာဖြစ်ပါတယ်။
အစီရင်ခံစာမှာ မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံအချို့မှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်ပယ်တာ၊ သမဂ္ဂဖြိုခွဲဖို့ ကြိုးပမ်းတာနဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုဖြစ်ပေါ်လာတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အလုပ်သမားတွေဟာ စုပေါင်းညှိနှိုင်းတောင်းဆိုခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးနေရသလို ဖမ်းဆီးအကျဉ်းချခံရတာနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရတာတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ITUC ရဲ့ ဖော်ပြချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားအရေးဆောင်ရွက်သူ ၁၀၀ ကျော် ဖမ်းဆီးခံထားရပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပြဋ္ဌာန်းချက်တွေကို ဆက်တိုက်ချိုးဖောက်နေတဲ့အတွက် ၂၀၂၅ ခုနှစ်အတွင်း ILO က မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ရွှေပြည်သာမြို့နယ် အထည်ချုပ်လုပ်သားများ သမဂ္ဂအဖွဲ့ဝင်တစ်ဦးက “အခု သူတို့တွေ လုပ်ချင်သလို လုပ်နေကြတာ။ အထည်ချုပ်စက်ရုံပိုင်ရှင်အများစုက တရုတ်နိုင်ငံသားတွေဖြစ်ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာကို သက်ဆိုင်ရာဌာနတွေက ဖြေရှင်းပေးတာ မရှိတဲ့အပြင် အလုပ်ရှင်တွေနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေကို ဖိနှိပ်နေတာတွေ ရှိနေတယ်” လို့ New Day Myanmar ကို ပြောပါတယ်။
ဓာတ်ပုံ – STUM (ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုအပေါ် ဆန္ဒထုတ်ဖော်နေသည့် မြင်ကွင်း)


