Homeပြည်တွင်းသတင်း၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ အသက် ၈၀ကျော်အဘွားအိုအပါအဝင် အမျိုးသမီး ၈ ဦးကို စစ်ကောင်စီ မုဒိမ်းကျင့် သတ်ဖြတ်

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ အသက် ၈၀ကျော်အဘွားအိုအပါအဝင် အမျိုးသမီး ၈ ဦးကို စစ်ကောင်စီ မုဒိမ်းကျင့် သတ်ဖြတ်

၁၁ ဇူလိုင်၊ ၂၀၂၄

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးအပါအဝင် အမျိုးသမီး ၈ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တယ်လို့ Spring Revolution Database က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ၆ လတာအတွင်း မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရသူ အမျိုးသမီး ၈ ဦးအထိ ရှိနေတယ်လို့ SRD က ထုတ်ဖော်ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ပြင်မှာ စစ်ရှောင်နေတဲ့ လူငယ်ဇနီးမောင်နှံ ၂ ဦးကို မိုးမိတ်မြို့ပေါ်ကနေအိမ်မှာ ဝက်စာကျွေးပြီး စစ်ရှောင်စခန်းကိုအပြန် စစ်ကောင်စီက ဖမ်းဆီးပြီး အမျိုးသမီးကို မုဒိမ်းပြုကျင့်သတ်ဖြတ်ခဲ့ပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ က အင်အား ၁၀၀ ဝန်းကျင် စစ်ကောင်စီ စစ်ကြောင်းက ပခုက္ကူမြို့နယ်၊ ကမ္မမြို့က အသက် ၈၂ နှစ်အရွယ် ဒေါ်ကြည်အောင် နဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်မိခိုင်တို့ ၂ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ပြီး လည်လှီးသတ်ဖြတ်ခဲ့ပါတယ်။

မတ်လ ၁၂ ရက်မှာ မမိုးစန္ဒာ (ခ) နိုးဒစ် (အသက် ၂၀)နှစ်ဟာ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ကုန်း ကျေးရွာက နေအိမ်မှာ ပစ္စည်းလာရောက်ယူဆောင်တုန်း အကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးပြီး အုပ်စုဖွဲ့ မုဒိမ်းကျင့်ကာ မသေမရှင်ဖြစ်နေချိန်မှာ မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

ဧပြီလ ၂၇ ရက်မှာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ အနီးက ဒေါ်ခင်ဝင်း (အသက် ၅၀နှစ်) ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီး မေလ ၂၉ ရက်မှာ ရခိုင်ပြည်၊ စစ်တွေမြို့အနီးက ဗျိုင်းဖြူရွာက အမျိုးသမီး ၃ ဦး ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ALP တပ်ဖွဲ့ဝင်တွေ အဓမ္မပြုကျင့်ပြီးသတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်မှာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေရဲ့ ကျေးရွာ ၊ ဘုန်းကြီး ကျောင်း ၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ကြောင်းထိုး ဝင်ရောက် လာတိုင်း အမျိုးသမီးတွေကို မုဒိမ်းကျင့် သတ်ဖြတ်၊ အမျိုးသားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အရပ်သား ပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Photo – SRD

ဆက်စပ် သတင်းများ

Most read