၂၉ မေ ၂၀၂၆ | New Day Myanmar
ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်ကြား သဘောထားကွဲလွဲမှုတွေ ပိုမိုပြင်းထန်လာမယ်ဆိုရင် နျူကလီးယားတင်းမာမှု အဆင့်အထိ ရောက်ရှိသွားနိုင်ကြောင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး သုတေသနဌာန (IISS) က သတိပေးလိုက်ပါတယ်။
တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး သိမ်းယူမယ်လို့ ထပ်တလဲလဲ ပြောဆိုထားပါတယ်။ ဒါပေမယ့် ထိုင်ဝမ်ဘက်ကတော့ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို ဆက်လက်ထိန်းသိမ်းလိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားပါတယ်။
အမေရိကန်ဟာ ထိုင်ဝမ်နဲ့ တရားဝင်သံတမန်ဆက်ဆံရေး မရှိပေမယ့် ကျွန်းနိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို အားပေးတဲ့အနေနဲ့ စစ်လက်နက်တွေ ရောင်းချပေးနေပြီး ထိုင်ဝမ်ရေလက်ကြားအရေးဟာ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အထိခိုက်မခံနိုင်ဆုံး အရေးကိစ္စတစ်ခုအဖြစ် ရှိနေပါတယ်။
မေလလယ်ပိုင်းက ဘေဂျင်းခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ထိုင်ဝမ်အရေး ဆွေးနွေးခဲ့ကြပြီးနောက် ထရမ့်က သူ့အနေနဲ့ ထိုင်ဝမ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ဘက်ကို တိကျတဲ့ ကတိကဝတ် တစ်စုံတစ်ရာ မပေးခဲ့ဘူးလို့ ပြောကြားထားပါတယ်။
IISS ရဲ့ နောက်ဆုံးအစီရင်ခံစာမှာတော့ ထိုင်ဝမ်အရေးကြောင့် အမေရိကန်နဲ့ တရုတ်ကြား စစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားလာမယ်ဆိုရင် နှစ်ဖက်စလုံးက စစ်ရေးကွပ်ကဲမှုစနစ်တွေ၊ ဆိုက်ဘာအခြေခံအဆောက်အအုံတွေ၊ ဆက်သွယ်ရေးကွန်ရက်တွေကို ဦးစွာပစ်မှတ်ထား တိုက်ခိုက်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
အဲဒီလို တင်းမာမှုတွေ အရှိန်မြင့်လာမယ်ဆိုရင် နိုင်ငံကြီးနှစ်နိုင်ငံကြား နျူကလီးယားအကျပ်အတည်း အဆင့်အထိ ရောက်ရှိသွားနိုင်ကြောင်းလည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။
ဒါ့အပြင် အာရှ-ပစိဖိတ်ဒေသမှာ နျူကလီးယားလက်နက် အပြိုင်အဆိုင် တပ်ဆင်မှုအသစ်တစ်ခု အရှိန်မြင့်လာနိုင်တဲ့ အန္တရာယ်လည်း ရှိနေကြောင်း IISS က သတိပေးထားပါတယ်။
အဆိုပါ အစီရင်ခံစာဟာ စင်ကာပူနိုင်ငံမှာ မေ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပမယ့် အာရှဒေသရဲ့ အကြီးဆုံး နှစ်ပတ်လည် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲဖြစ်တဲ့ ရှန်ဂရီလာ တွေ့ဆုံပွဲ မတိုင်မီ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကျန့်ပင်ကတော့ IISS ရဲ့ သုံးသပ်ချက်တွေဟာ လက်တွေ့အခြေအနေနဲ့ မကိုက်ညီဘူးလို့ တုံ့ပြန်ထားပြီး ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မော်နင်ကလည်း အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်အရေးကို အထူးသတိထား ကိုင်တွယ်ဖို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။
အမေရိကန်ဘက်ကတော့ IISS ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တရားဝင် မှတ်ချက်ပေးထားတာ မရှိသေးပါဘူး။
လက်ရှိမှာ ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာပေါ်မှာ နျူကလီးယားထိပ်ဖူး အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေ ဖြစ်နေဆဲဖြစ်ပြီး တရုတ်ရဲ့ နျူကလီးယားလက်နက်တိုက် တိုးချဲ့နှုန်းကလည်း လျင်မြန်စွာ မြင့်တက်လာနေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
နောက်ဆုံးထုတ်ပြန်ထားတဲ့ ခန့်မှန်းချက်တွေအရ ရုရှားမှာ နျူကလီးယားထိပ်ဖူး ၄,၄၀၀ ဝန်းကျင်၊ အမေရိကန်မှာ ၃,၇၀၀ ဝန်းကျင်နဲ့ တရုတ်မှာ ၆၂၀ ခန့် ရှိနေပြီး ၂၀၃၀ ပြည့်နှစ်ရောက်ချိန်မှာ တရုတ်ရဲ့ နျူကလီးယားထိပ်ဖူး အရေအတွက်ဟာ ထောင်ဂဏန်းအထိ ရောက်ရှိလာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။


