Homeပြည်တွင်းသတင်းအရေးကြီးပြီသီချင်းကို အသက်ရှိသရွေ့ ကာကွယ်သွားမည်ဟု မူရင်းအဆိုရှင် မွန်းအောင် ပြောကြား

အရေးကြီးပြီသီချင်းကို အသက်ရှိသရွေ့ ကာကွယ်သွားမည်ဟု မူရင်းအဆိုရှင် မွန်းအောင် ပြောကြား

၂၆ မေ ၂၀၂၆ | New Day Myanmar

“သွေးသစ္စာ (အရေးကြီးပြီ)” သီချင်းကို စစ်တပ်က ၎င်းတို့ရဲ့ စစ်ချီတေးအဖြစ် အတုအယောင်သမိုင်းဖန်တီးကာ ဝါဒဖြန့်အသုံးပြုနေတာဟာ လုံးဝမဟုတ်မှန်ကြောင်းနဲ့ အဆိုပါသီချင်းကို အသက်ရှင်နေသရွေ့ ကာကွယ်သွားမယ်လို့ မူရင်းအဆိုရှင် မွန်းအောင်က ပြောကြားလိုက်ပါတယ်။

အဆိုပါသီချင်းဟာ ၁၉၈၉ ခုနှစ်က တေးသံရှင် ထူးအိမ်သင် ကိုယ်တိုင် တောထဲမှာ ရေးသားခဲ့တာဖြစ်ပြီး ၎င်းရဲ့ နံဘေးမှာပင် ရေးစပ်ခဲ့တဲ့ စစ်မှန်တဲ့ အနုပညာလက်ရာဖြစ်တယ်လို့ မွန်းအောင်က လူမှုကွန်ရက်မှတစ်ဆင့် ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က စစ်လော်ဘီ မြဝတီရုပ်သံလိုင်းမှာ “စစ်သားသွေးနီ ရှေ့သို့ချီ” ဆိုတဲ့ အမည်နဲ့ “အရေးကြီးပြီ” သီချင်းကို စစ်တပ်ဝါဒဖြန့်သီချင်းအဖြစ် စာသားပြောင်းလဲ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

သီချင်းနဲ့ပတ်သက်ပြီး ဝင်းမော် (ရွှေသံစဉ်) က ဒီသီချင်းဟာ ၁၉၆၀ ဝန်းကျင်က တေးရေး “ဇာနည်စစ်သွေး” ရေးဖွဲ့ခဲ့တာဖြစ်တယ်လို့ ဆိုကာ ဓာတ်ပြားဟောင်းများကို ပြသပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ထူးအိမ်သင်က မူရင်းသီချင်းစာသားအချို့ကို ယူကာ “သွေးသစ္စာ” အဖြစ် ပြန်လည်ရေးဖွဲ့ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ဟာ လိမ်ညာဖန်တီးထားတာဖြစ်တယ်လို့ မွန်းအောင်က တုံ့ပြန်ထားပါတယ်။

“ကိုထူးအိမ်သင်ရေ… ခင်ဗျားရဲ့ အနုပညာဟာ ဘယ်လောက်ကြောက်စရာကောင်းပါသလဲ။ ဒီသီချင်းရဲ့ အားမာန်ကို စစ်တပ်ကတောင် ယူသုံး အမြတ်ထုတ်ရပါသတဲ့” လို့ မွန်းအောင်က ရေးသားထားပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ပြည်သူလူထု နှစ်သက်တဲ့ အနုပညာကို အသစ်မဖန်တီးနိုင်ဘဲ ရှိပြီးသားသီချင်းတွေကို ဇာတ်လမ်းအတုဆင်ကာ အသုံးပြုလေ့ရှိကြောင်းနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ကလည်း ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ဘက်က အလားတူ စာသားပြောင်းလဲ အသုံးပြုခဲ့ဖူးတယ်လို့လည်း ထောက်ပြထားပါတယ်။

“သမိုင်းကို ဘယ်လောက်ပဲ အတုအယောင် ဓာတ်ပြားတွေနဲ့ လိမ်ညာဖို့ ကြိုးစားပါစေ၊ အနုပညာရှင်ရဲ့ စစ်မှန်တဲ့ဝိညာဉ်နဲ့ ကျနော့်လို သက်ရှိထင်ရှား သမိုင်းသက်သေတွေ ရှိနေသရွေ့ အတုဟာ အစစ်ကို ဘယ်တော့မှ မကျော်နိုင်ပါဘူး” လို့ မွန်းအောင်က ဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး