Homeပြည်တွင်းသတင်းပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ဦးမင်းကိုနိုင် ရွေးချယ်ခံရ

ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ဦးမင်းကိုနိုင် ရွေးချယ်ခံရ

၂၃ မေ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအတွင်း ပရဟိတ၊ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေးကဏ္ဍတွေမှာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ပြည်သူလူထုအကျိုးပြု လုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေသူတွေကို ဂုဏ်ပြုပေးအပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ရဲ့ ၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ဆုရှင်အဖြစ် Min Ko Naing ကို ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရပါတယ်။

ယနေ့ ထိုင်းနိုင်ငံ Chiang Mai မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွင်း ဦးမင်းကိုနိုင်ကို ၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ဆုရှင်အဖြစ် တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ အဆိုအရ ဦးမင်းကိုနိုင်ဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးအခင်းကာလမှ စတင်ပြီး ယနေ့ နွေဦးတော်လှန်ရေးအထိ ပြည်သူလူထုဘက်မှ အမြဲတစေ ရပ်တည်ခဲ့သလို ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ယခုလို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဦးမင်းကိုနိုင်ဟာ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ သတ္တဗေဒအထူးပြုနဲ့ ပညာသင်ကြားနေစဉ် ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး All Burma Federation of Student Unions (ABFSU) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၈၈ လူထုအရေးတော်ပုံကို ရှေ့တန်းက ဦးဆောင်ခဲ့မှုကြောင့် ၁၉၈၉ ခုနှစ်မှာ စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ထောင်မှ လွတ်မြောက်ပြီးနောက်ပိုင်းမှာလည်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့သလို ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။

ဦးမင်းကိုနိုင်ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့မှုတွေကြောင့် နိုင်ငံတကာဆုများစွာ ရရှိထားသူလည်း ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ပြည်ပရောက် မြန်မာမိသားစုတွေနဲ့ အဝေးရောက်မြန်မာတွေ စုစည်းဖွဲ့စည်းထားတဲ့ Citizen of Burma Award (COBA) က ချီးမြှင့်တာဖြစ်ပြီး အဖွဲ့ကို ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး