Homeပြည်တွင်းသတင်းအလုပ်ပြန်ချိန် ပေါ်တာဆွဲခံရမှု အရေးပေါ်ဖြေရှင်းပေးရန် MICS အဖွဲ့ချုပ်က နိုင်ငံတကာသံရုံးများနှင့် Brands များသို့ တင်ပြတောင်းဆို

အလုပ်ပြန်ချိန် ပေါ်တာဆွဲခံရမှု အရေးပေါ်ဖြေရှင်းပေးရန် MICS အဖွဲ့ချုပ်က နိုင်ငံတကာသံရုံးများနှင့် Brands များသို့ တင်ပြတောင်းဆို

၂၃ မေ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) က ဥရောပသံရုံးတွေနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ်လုပ်ငန်းရှင်တွေ တက်ရောက်တဲ့ အွန်လိုင်းဖိုရမ်တစ်ခုမှာ အလုပ်သမားတွေ အလုပ်အပြန်လမ်းမှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးခံနေရတဲ့ အခြေအနေကို အရေးပေါ်ဖြေရှင်းပေးဖို့ ပြင်းထန်စွာ တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

မေလ ၂၂ ရက်နေ့က EURO CHAM MYANMAR နဲ့ ပူးပေါင်းကျင်းပတဲ့ အဲ့ဒီဖိုရမ်မှာ MICS ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က လက်ရှိ မြေပြင်မှာ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကိုသက်နှင်းအောင်က “ကျွန်တော်တို့ အလုပ်သမားတွေ အလုပ်ကအပြန်မှာ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတဲ့ကိစ္စတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့ အရေးပေါ်တောင်းဆိုခဲ့တာရှိတယ်” လို့ ပြောကြားထားပါတယ်။

ဒါ့အပြင် အလုပ်သမားတွေရဲ့ လုံခြုံရေးအတွက် အချိန်ပို (OT) ဆင်းပြီး အလုပ်အပြန်မှာ ဖမ်းဆီးထိန်းသိမ်းခံရပါက အလုပ်ရှင်တွေဘက်က တာဝန်ယူဖြေရှင်းပေးဖို့၊ ပေါ်တာဆွဲခံရတဲ့ ပြဿနာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုန်အမှတ်တံဆိပ်တွေ ပူးပေါင်းပြီး ထိရောက်တဲ့ အကာအကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဆွေးနွေးပွဲမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ အပြင် အလုပ်သမားသမဂ္ဂအတု (Yellow Union) တွေနဲ့ နိုင်ငံတကာကို လှည့်စားနေတာတွေကိုလည်း တင်ပြခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တွေကို နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုပေးကြဖို့လည်း MICS က တိုက်တွန်းခဲ့ပါတယ်။

အခုလို အလုပ်သမားတွေ အလုပ်အပြန်လမ်းမှာ ဖမ်းဆီးခံနေရတာဟာ အလုပ်သမားထုရဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေတာကြောင့် နိုင်ငံတကာအနေနဲ့ အမြန်ဆုံး စောင့်ကြည့်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ကိုသက်နှင်းအောင်က တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး