Homeဆောင်းပါးအိမ်ရှေ့ က တံခါးခေါက်သံ ကြားရပြီလား

အိမ်ရှေ့ က တံခါးခေါက်သံ ကြားရပြီလား

ဒီနေ့တော့ ခံပြင်းစရာကောင်းပေမဲ့ မှန်လွန်းနေတဲ့ စာကြောင်း၊ စကားလုံးတချို့အကြောင်း ပြောပါရစေ။

“ဒါဟာ အဖက်ဖက်က အခြေအနေဆိုးတွေ ပေါင်းဆုံလာတဲ့ အခြေအနေ (Perfect Storm) ပါပဲ”။

ပြောတဲ့သူက မြန်မာနိုင်ငံဆိုင်ရာ WFP ညွှန်ကြားရေးမှူး Michael Dunford ဖြစ်ပါတယ်။ Foreign Policy ကို ဒီလပိုင်းတွေထဲ ပြောခဲ့တာပါ။

နောက်တစ်ခု ထပ်ပြပါရစေ။

“အဆိုးဆုံးအချိန်မှာ အခက်ခဲဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပါပဲ” ။ ဒါက WFP Myanmar က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

WFP ဆိုတာ ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဖြစ်ပါတယ်။ သူတို့ ဘာအကြောင်းကိုထောက်ပြနေလဲဆိုတာကိုတော့ စာဖတ်သူ ရိပ်မိနေလောက်ပါပြီ။

သင်တွေးနေတဲ့အတိုင်းပါပဲ။ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာမဖူလုံမှုအကြောင်း ဖြစ်ပါတယ်။

ကုလရဲ့ လက်အောက်ခံ တခြားတဖွဲ့ဖြစ်တဲ့ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ၂၀၂၆ ခုနှစ် အစီရင်ခံစာအရဆိုရင်လည်း မြန်မာနိုင်ငံဟာ အစားအစာမလုံလောက်မှု အဆိုးရွားဆုံးကြုံတွေ့နေရတဲ့ နိုင်ငံ ၁၀ နိုင်ငံထဲပါဝင်နေပါပြီ။

ဒါ့အပြင် နိုင်ငံထဲက လူပေါင်း ၁၂ ဒသမ ၇ သန်းဟာ အစားအစာရှားပါးမှုနဲ့ ရင်ဆိုင်နေရသလို ၂ ဒသမ ၈ သန်းကတော့ အစားအစာ အရေးပေါ်လိုအပ်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထား ပါတယ်။ ဒါဟာ နိုင်ငံရဲ့ လူဦးရေအချိုးအစား ၃ ပုံ ၁ ပုံလောက် ငတ်မွတ်ခေါင်းပါးနေတယ်ဆိုတာကို ပြနေတာပါ။

ဒီလိုအဖွဲ့ကြီးတွေရဲ့ ထုတ်ပြန်ချက်တွေ၊ အချက်အလက်တွေဟာ မှားနေတယ်၊ ယုံကြည်လို့မရဘူးလို့ စီမံခန့်ခွဲမှု ပါရဂူကြီးမင်းအောင်လှိုင်ကို ထောက်ခံသူတွေက ငြင်းချင်ငြင်းနေကြမှာပါ။ ဒါဆို မြေပြင်မှာ ဘာတွေဖြစ်နေလဲ တစ်ချက်လောက် ကြည့်လိုက်ရအောင်ပါ။

မြန်မာတွေအသုံးများတဲ့ Facebook မှာ “စားကြမယ်သောက်ကြမယ်” ဆိုတဲ့ လူတစ်သန်းကျော် အဖွဲ့ဝင်ထားတဲ့ ဂရုရှိပါတယ်။ အဖွဲ့ဝင်တွေကတော့ “စားချက်” ဂရုလို့ ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။

ဂရုထဲမှာ ဒီနှစ်ပိုင်းတွေ ခပ်စိတ်စိတ်တွေ့လာရတဲ့ ပိုစ့်တွေကတော့ မီးဖိုချောင်စားရိတ် တစ်ရက် ဘယ်လောက်ကုန်သလဲဆိုတာနဲ့ ဘယ်လိုတွေစီမံခန့်ခွဲနေကြလဲဆိုတဲ့ မေးခွန်းတွေ၊ အကြံညဏ်တောင်းတဲ့ ပိုစ့်တွေနဲ့ ရင်ဖွင့်သံတွေ ဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်ပါ။

“ခုကာလမှာလခစားဝန်ထမ်းတွေဘယ်လိုချွေတာစားကြလဲဟင်”

အဲဒီပိုစ့်ရဲ့ ကွန်းမန့်မှာဖြေထားတာတစ်ခုက “တစ်လ တစ်လ အကြွေးမတင်အောင်စဉ်းစားနေရတာပဲ ကံကောင်းတယ်လို့ဖြေသိမ့်နေရပါတယ်ရှင်။ အသက်ရှူရတာတောင်မဝချင်ဘူး” တဲ့။

နောက်ပိုစ့်တစ်ခုက ဒီလိုပါ။ “ချွေတာတယ် ဆိုတိုင်းလည်း အဆင်က ပြေမနေဘူးရယ်။ အရင်တစ်လလောက်တည်းက လက်ထဲရှိတဲ့ ငွေတစ်သိန်းက အခုဆို တစ်သိန်းမတန်တော့ဘူး”

အောက်မှာ မန့်ထားတာတွေကတော့ “ဒီလိုပါပဲ ကိုယ်တစ်ယောက်ထဲဖြစ်‌‌နေတာမဟုတ်တော့ ထွေထွေထူးထူးတွေးပူမနေပါနဲ့ စိတ်ဆင်းရဲရတာပဲအဖတ်တင်တယ်”။ နောက်မန့်တစ်ခု “ကြည့်ယုံကလွဲလို့ ဘာမှမတတ်နိုင်တော့ပါ ကုန်ဈေးနှုန်းရယ်”တဲ့။

အာဏာသိမ်းပြီးနောက်ပိုင်း စီမံခန့်ခွဲမှုအလွဲတွေနဲ့ နိုင်ငံတကာက အရေးယူပိတ်ဆို့တဲ့ အပေါ် ဦးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေက ကုန်ဈေးနှုန်းတက်တာဟာ သူတို့ကြောင့်မဟုတ်ဘူးလို့ အမြဲငြင်းဆိုလေ့ ရှိပါတယ်။

အဲဒီလို အာဏာရှင်လက်အောက်မှာနေထိုင်ရတဲ့ ပြည်သူတွေအပေါ် ဘူးလေရာ ဖရုံဆင့်သွားတာက အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စက်သုံးဆီးနဲ့ ဓာတ်မြေဩဇာတွေ ဈေးတက်လာပြီး နောက်ဆက်တွဲ ကုန်ဈေးနှုန်းတွေ ခုန်တက်လာတာပါပဲ။

WFP ကတော့ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး မြန်မာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံစားသောက်ကုန်တွေရဲ့ ပျှမ်းမျှစျေးနှုန်းဟာ ၁၉ ရာခိုင်နှုန်းလောက်ထိ မြင့်တက်သွားတယ်လို့ ဆိုပါတယ်။

WFP ကတော့ မြေသြဇာစျေးတွေတက်ပြီး အလွယ်တကူလည်း ဝယ်မရတာကြောင့် တောင်သူတွေ မြေသြဇာသုံးစွဲမှုကို လျှော့ချနေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆက်တွဲအဖြစ် စပါးစိုက်ပျိုးချိန် မြေသြဇာကို ၅၀ ရာခိုင်နှုန်းလောက်ထိ လျှော့သုံးမယ် ဆိုရင်တော့ ထွက်နှုန်းကလည်း ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားနိုင်တယ်လို့ဆို ပါတယ်။ ဒါဟာ ဆန်ဈေးတွေ ပိုတက်လာပြီး နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုအတွက် ပိုစိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ဒီဆိုးကျိုးဟာ အထူးသဖြင့် ဝင်ငွေနည်းတဲ့ မိသားစုတွေ၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေ၊ ကျေးလက်နေပြည်သူတွေနဲ့ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသက လူထုကို ပိုဆိုးစေမယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေကနေ ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းက လွတ်မြောက်အောင်လုပ်ပေးနိုင်မလား ဆိုရင်တော့ အဖြေကတော့ “No” ပါပဲ။ ပြည်သူတွေကို သတ်ဖြတ်ဖို့ပဲ စိတ်ဝင်စားတဲ့ အာဏာရှင်တစ်စုဟာ ပြည်သူတွေဘာဖြစ်ဖြစ် လှည့်ကြည့်မှာ မဟုတ်ပါဘူး။

လူထုကတော့ ဒီထက်ပိုပြီး “ငတ်” သထက် “ငတ်” လာမယ့် အရေးကို ကျောကော့နေအောင် ခံကြရဦးမှာပါပဲ။ ကုန်ဈေးနှုန်းရဲ့ တခါးခေါက်သံတွေကတော့ တရွေ့ရွေ့နဲ့ လူတိုင်းဆီကို လာနေပါပြီ။

စိုက်ပျိုးရေးပညာရှင်နဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် နော်မန် ဘောလော့ဂ် (Norman Borlaug) ကတော့ ငြိမ်းချမ်းရေးကို လိုလားရင် တရားမျှတမှုကို ပျိုးထောင်ဖို့လိုသလို တစ်ချိန်တည်းမှာပဲ ရိက္ခာတွေ ဖူလုံအောင် စိုက်ပျိုးမြေတွေကိုလည်း ပြုစုပျိုးထောင်ကြဖို့ တိုက်တွန်းထားပြီး “အဲဒီလိုမှမဟုတ်ရင် ဘယ်တော့မှ ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး” လို့ ပြောထားပါတယ်။

ငြိမ်းချမ်းရေးအတွက်လည်း စားနပ်ရိက္ခာဖူလုံဖို့ဟာ အင်မတန်အရေးကြီးတယ်ဆိုတာကို ထောက်ပြထားတာပါ။

နိဂုံးမှာတော့ သတင်းစာဆရာတစ်ယောက်ဖြစ်တဲ့ အဲဖရက် ဟင်နရီ လူးဝစ် (Alfred Henry Lewis) ၁၉၀၆ ခုနှစ်က ပြောခဲ့တဲ့ နာမည်ကျော်စကားနဲ့ ဒီဆောင်းပါးကို ပိတ်ချင်ပါတယ်။

“လူ့အဖွဲ့အစည်းတစ်ခုလုံး ရာဇဝတ်မှုတွေ၊ မင်းမဲ့စရိုက်တွေဘက်ကို ကူးပြောင်းသွားဖို့ စားနပ်ရိက္ခာ ပြတ်လပ်မှု (၉) နပ်စာပဲ လိုပါတယ်” တဲ့။

ရေးသူ – ကောက်ရိုး

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး