Homeပြည်တွင်းသတင်းနေရွှေဝင်းအထည်ချုပ် လုပ်သားအရေးညှိနှိုင်းမှု အဆင်မပြေမှုမှ စတင်ကာ ရန်ကုန်တိုင်းအဆင့် အလုပ်သမားအဖွဲ့ချုပ် စတင်ဖွဲ့စည်း

နေရွှေဝင်းအထည်ချုပ် လုပ်သားအရေးညှိနှိုင်းမှု အဆင်မပြေမှုမှ စတင်ကာ ရန်ကုန်တိုင်းအဆင့် အလုပ်သမားအဖွဲ့ချုပ် စတင်ဖွဲ့စည်း

၁၄ မေ ၂၀၂၆ | New Day Myanmar

နေရွှေဝင်းအထည်ချုပ်စက်ရုံ လုပ်သားအရေး ညှိနှိုင်းမှု အဆင်မပြေခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ရန်ကုန်တိုင်းအဆင့် အလုပ်သမားအဖွဲ့ချုပ်တစ်ခုကို စတင်ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ရွှေပြည်သာအထည်ချုပ်အလုပ်သမားများသမဂ္ဂအဖွဲ့ဆီကနေ သိရပါတယ်။

ဒီကနေ့ မေ ၁၄ ရက်မှာ ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်လုပ်သားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ “သွေးစည်းညီညွတ်သော ရန်ကုန်တိုင်းဒေသကြီး အထည်ချုပ်အလုပ်သမားများအဖွဲ့ချုပ်” (Garment Workers’ Solidarity Federation Yangon Region – GWSF) ကို ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ တရားဝင် မှတ်ပုံတင်သွားမယ်လို့ ဆိုပါတယ်။

အဆိုပါ အဖွဲ့ချုပ်ကို ရွှေပြည်သာမြို့နယ် အထည်ချုပ်လုပ်သားများသမဂ္ဂနဲ့ အင်းစိန်မြို့နယ် အထည်ချုပ်လုပ်သားများသမဂ္ဂတို့က ဦးဆောင်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

GWSF အဖွဲ့ချုပ်ဟာ ရန်ကုန်တိုင်းတစ်ခုလုံးရှိ အလုပ်သမားတွေကနေ စတင်ကာ နိုင်ငံတစ်ဝန်း အလုပ်သမားအကျိုးစီးပွားတွေကို ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို အဖွဲ့ချုပ်တစ်ခု စတင်ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) ကလည်း ဂုဏ်ပြုစကား ထုတ်ပြန်ထားပါတယ်။

“ဂုဏ်ယူပါတယ် ရဲဘော်တို့။ အခက်အခဲများကို ကျော်ဖြတ်ပြီး လျှောက်လာခဲ့ကြပြီ။ မနက်ဖန် အလုပ်ဖြုတ်ခံရမလား၊ ထွက်ပြေးရမလား မသိတဲ့ မမြင်ရတဲ့ အန္တရာယ်ကို ရင်ဆိုင်ဖို့ သတ္တိမွေးခဲ့ကြတာ။ အချိန်အတော်ကြာ ညှိခဲ့ရ၊ အချေအတင်ပြောခဲ့ရပြီး နောက်ဆုံးမှာတော့ ဒီအဆင့်ထိ ရောက်ခဲ့ပြီ။ ရှေ့ဆက်မယ့်ခရီးကြမ်း ဘယ်လောက်ပဲကြမ်းကြမ်း ရဲဘော်တို့နဲ့အတူတူ ရှိနေမယ်။ ဂုဏ်ပြုတယ်” လို့ STUM က ရေးသားမျှဝေထားပါတယ်။

လတ်တလောမှာတော့ နေရွှေဝင်းအထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို ပစ်မှတ်ထား အလုပ်ထုတ်တာ၊ ခြိမ်းခြောက်တာတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး