၃၀ ဧပြီ ၂၀၂၆ | New Day Myanmar
မြန်မာ့နိုင်ငံရေးလောကရဲ့ ဝါရင့်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်ထွန်းဦး ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးတရားနာပွဲကို ဒီကနေ့ ဧပြီ ၃၀ ရက်မှာ ရန်ကုန် မြို့ရှိ ၎င်းနေအိမ်မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါအခမ်းအနားကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် ဦးဆောင်တဲ့ ဗဟိုဌာနချုပ်အဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပြီး လက်ရှိအခြေအနေကြောင့် လူဦးရေအကန့်အသတ်နဲ့သာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
ဦးခွန်ထွန်းဦး ဟာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အမြဲတမ်းသဘာပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်နေ့မှာ ကွယ်လွန်ခဲ့တာကြောင့် ယနေ့မှာ ၄ နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။
၎င်းဟာ သီပေါစော်ဘွားကြီး စဝ်ကြာဆိုင် ရဲ့ တူတော်ဖြစ်ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းအတွင်း တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရှေ့တန်းက ရပ်တည်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကို ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်ဒဏ် ၉၃ နှစ်အထိ ချမှတ်ခံခဲ့ရပေမယ့် ၎င်းရဲ့ယုံကြည်ချက်နဲ့ မူဝါဒတွေကို မစွန့်လွှတ်ဘဲ ဆက်လက်ရပ်တည်ခဲ့တဲ့အတွက် ပြည်တွင်းပြည်ပက လေးစားဂုဏ်ပြုခံရတဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
ယနေ့အခမ်းအနားသို့ တက်ရောက်လာသူတွေက ဦးခွန်ထွန်းဦး က ချမှတ်ထားခဲ့တဲ့ ဖက်ဒရယ်လမ်းစဉ်နဲ့ နိုင်ငံရေးအမွေအနှစ်တွေကို ဆက်လက်လက်ဆင့်ကမ်းထမ်းဆောင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Sai Kyaw Nyut


