၂၀ ဧပြီ ၂၀၂၆ | New Day Myanmar
မိုးရာသီမစတင်မီ နယ်မြေစိုးမိုးမှုရရှိရေးအတွက် စစ်ကော်မရှင်တပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ထိုင်း–မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။
ဧပြီ ၂၀ ရက်နေ့မှာ တာ့ခ်ခရိုင် မဲဆောက်မြို့ဘက်က ရရှိတဲ့ သတင်းအချက်အလက်တွေအရ စစ်ကော်မရှင်တပ် ခြေမြန်တပ်မ ၂၂ လက်အောက်ခံတပ်ဖွဲ့တွေက ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ KNU တပ်စခန်းတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေဟာ ထိုင်းနယ်စပ်ကျေးရွာတွေနဲ့ မျက်နှာချင်းဆိုင် တည်ရှိနေတဲ့ဒေသတွေ ဖြစ်ပါတယ်။
အရေးပါတဲ့ အမာခံစခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတဲ့အတွက် တိုက်ပွဲတွေဟာ လအတော်ကြာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဒရုန်းတွေပါ အသုံးပြုနေပါတယ်။ ဒါပေမဲ့ KNU တပ်ဖွဲ့တွေကို ယနေ့အထိ ဖယ်ရှားနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း နှစ်ဖက်လုံးမှာ ထိခိုက်ကျဆုံးမှုတွေရှိနေပြီး ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဘက်မှာ အကျအဆုံး ပိုများတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
KNU ဘက်သတင်းရင်းမြစ်တွေကတော့ မိုးရာသီရောက်လာရင် မြေပြင်အနေအထားကြောင့် စစ်ရေးလှုပ်ရှားမှုတွေ ခက်ခဲလာနိုင်တာကြောင့် မိုးမကျခင် မင်းလက်ပံနဲ့ အနီးနားကျေးရွာတွေကို သိမ်းပိုက်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေလည်း ထိခိုက်နေပြီး မဲဆောက်–မြဝတီကို ဆက်သွယ်ထားတဲ့ ဒုတိယ ထိုင်း–မြန်မာ ချစ်ကြည်ရေးတံတားကို မြန်မာဘက်က မဖွင့်သေးတာကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ဆက်လက် နှောင့်နှေးနေပါတယ်။
ဓါတ်ပုံ – Khaosod news


