Homeပြည်တွင်းသတင်းညောင်တုန်းမှာ စက်သုံးဆီတန်းစီနေတဲ့ ယာဉ်ကို နောက်ကယာဉ်တစ်စီးက ဝင်တိုက်တာကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံး

ညောင်တုန်းမှာ စက်သုံးဆီတန်းစီနေတဲ့ ယာဉ်ကို နောက်ကယာဉ်တစ်စီးက ဝင်တိုက်တာကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံး

၉ ဧပြီ ၂၀၂၆ ၊ New Day Myanmar

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်း၊ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ ဇီးဖြူကျွန်းကျေးရွာအနီးက စက်သုံးဆီဆိုင်မှာ ဆီတန်းစီနေတဲ့ ယာဉ်ကို နောက်ကယာဉ်တစ်စီးက ဝင်တိုက်တာကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။

သေဆုံးသွားတဲ့ ယာဉ်မောင်းဟာ စက်သုံးဆီတန်းစီနေတဲ့ Nissan Condor အမျိုးအစားယာဉ်ပေါ်က ယာဉ်မောင်းဖြစ်ပြီး နောက်က ဝင်တိုက်တဲ့ ယာဉ်ဟာ Nissan Diesel အမျိုးအစားယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ ဒီကနေ့ ဧပြီ ၉ ရက် မနက် ၄ နာရီခွဲခန့်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီနေရာကို ညောင်တုန်းမြို့နယ် မီးသတ်စခန်းက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသားကို ဆားမလောက်ကျေးရွာ နိဗ္ဗာန်ယာဉ်နဲ့ ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသလို ဝင်တိုက်တဲ့ ယာဉ်ပေါ်က အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ဆားမလောက် တောင်သူလယ်သမားဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။

ပြည်တွင်း စက်သုံးဆီဈေး မြင့်တက်လာသလို ရှားပါးနေတာကြောင့် စက်သုံးဆီဝယ်ယူရာမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရပြီး ပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် ယာဉ်မောင်းအချို့ သေဆုံးတာမျိုးတွေရှိနေသလို ပင်ပန်းမှုဒဏ်ကြောင့် ယာဉ်မောင်းနေစဉ်မှာ တချက်တချက် အိပ်ငိုက်သွားတာမျိုးတွေရှိနေတာကြောင့် အခုလို မတော်တဆဖြစ်ပွားတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – MFSD

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး