၆ ဧပြီ ၂၀၂၆ ၊ New Day Myanmar
EV ကားတွေကို မော်တော်ယာဉ် အမျိုးအစားနဲ့ ဘက်ထရီစွမ်းဆောင်ရည်အလိုက် မူလတန်ဖိုးဈေးနှုန်းပေါ် မူတည်ပြီး အခွန်ကောက်ခံသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။
အခွန်ကောက်ခံတဲ့ ကာလကို ဧပြီလ ၁ ရက်ကနေ စပြီး သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်ပြီး ပြည်ပက CBU စနစ်နဲ့ တင်သွင်းလာတဲ့ EV ကားတွေကို အမျိုးအစားနဲ့ ဘက်ထရီစွမ်းဆောင်ရည်ပေါ် မူတည်ပြီး ကောက်ခံမှာဖြစ်ပါတယ်။
မော်တော်ယာဉ် အမျိုးအစားတွေအလိုက် လုပ်ငန်းသုံးယာဉ်၊ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ် (ယာဉ်မောင်းအပါအဝင် ၁၅ ဦးအထက်) ယာဉ်တွေကို ၃ ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဘက်ထရီစွမ်းဆောင်ရည်အနေနဲ့ 30 kWh နှင့်အောက် ၁၀ ရာခိုင်နှုန်း၊ 31 kWh နဲ့ 60 kWh အထိ ၂၀ ရာခိုင်နှုန်း၊ 61 kWh နဲ့ 90 kWh အထိ ၃၀ ရာခိုင်နှုန်း၊ 91 kWh နဲ့အထက် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သလို လူနှင့်ကုန် (၂) မျိုးသုံးယာဉ် (Pick Up, Double Cab) ကားတွေအတွက် ၃၀ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ သိရပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ EV ယာဉ်တွေကို Pilot Project ကာလအတွင်း ပြည်ပတင်သွင်းခွန် မကောက်ခံဘဲ ကနဦးမှတ်ပုံတင်လုပ်ငန်းကို မတ်လ ၃၁ ရက်နေ့အထိ နောက်ဆုံး လုပ်ဆောင်ပေးရာကနေ အခု ဧပြီလ ၁ ရက်ကနေ တင်သွင်းလာတဲ့ EV ကားတွေကို အခွန်စတင်ကောက်ခံတာဖြစ်ပါတယ်။


