၂ ဧပြီ ၂၀၂၆ | New Day Myanmar
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ရှေ့နေချုပ် ပမ် ဘွန်ဒီကို ရာထူးက ဖယ်ရှားလိုက်ပြီး ဒုတိယရှေ့နေချုပ် တော့ဒ် ဘလန့်ရှ်ကို ယာယီ ရှေ့နေချုပ်အဖြစ် တာဝန်ပေးလိုက်တယ်လို့ အိမ်ဖြူတော်က လာတဲ့ သတင်းတွေ အရသိရပါတယ်။
ပမ် ဘွန်ဒီကို ဖယ်ရှားရတဲ့ အကြောင်းရင်းထဲမှာ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ တရားရေးဌာန ဖိုင်တွေကို ကိုင်တွယ်ပုံအပေါ် စိတ်ပျက်မှုတွေ ပါဝင်နေသလို ထရမ့်က ပစ်မှတ်ထားတဲ့ နိုင်ငံရေးပြိုင်ဘက်တွေအပေါ် မြန်မြန်ဆန်ဆန် အရေးမယူနိုင်ခဲ့တာလည်း ပါဝင်နေပါတယ်။
ပမ် ဘွန်ဒီဟာ ထရမ့်ရဲ့ မူဝါဒတွေကို အင်တိုက်အားတိုက် ကာကွယ်ပေးခဲ့သူဖြစ်ပေမယ့် အက်ပ်စတိန်းဖိုင် ထုတ်ပြန်ရေးကိစ္စမှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေ၊ စီမံခန့်ခွဲမှု မှားယွင်းတယ်ဆိုတဲ့ ဝေဖန်မှုတွေကို နှစ်ဖက်ပါတီကပါ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး သူမဟာ ဧပြီ ၁၄ ရက်နေ့မှာ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီရှေ့မှာ ထွက်ဆိုရဖို့လည်း ဆင့်ခေါ်ခံထားရပါတယ်။
ဒီဖြစ်ရပ်ဟာ ထရမ့်အစိုးရအတွင်း မကြာသေးခင်က အဆင့်မြင့်အရာရှိတစ်ဦး ထပ်မံ ဖယ်ရှားခံရတဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ်ကိုလည်း မတ်လကုန်ပိုင်းမှာ ရာထူးက ဖယ်ရှားခဲ့ပါသေးတယ်။
သတင်းတွေအရ ထရမ့်ဟာ အမြဲတမ်း ရှေ့နေချုပ်အသစ်အဖြစ် EPA အုပ်ချုပ်ရေးမှူး လီ ဇဲလ်ဒင်ကို စဉ်းစားနေခဲ့ဖူးပေမယ့် လက်ရှိမှာတော့ တော့ဒ် ဘလန့်ရှ်က ယာယီဦးဆောင်သွားမှာ ဖြစ်ပါတယ်။
ပုံစာ – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ အမေရိကန် ရှေ့နေချုပ် Pam Bondi တက်ရောက်နေစဉ်။


