Homeပြည်တွင်းသတင်းလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေ လုံခြုံရေးအန္တရာယ်တွေ ဆက်လက်ရင်ဆိုင်နေရ

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေ လုံခြုံရေးအန္တရာယ်တွေ ဆက်လက်ရင်ဆိုင်နေရ

၂၆ မတ်လ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေကနေ မတရားဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ လက်ရှိအချိန်ထိ လုံခြုံရေးကန့်သတ်မှုတွေနဲ့ စောင့်ကြည့်ခံရမှုတွေ ဆက်လက်ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ထုတ်ပြန်ပါတယ်။

WOPP အဆိုအရ အဆိုပါ နိုင်ငံရေးအကျဉ်းသူတွေဟာ လွတ်မြောက်ပြီးနောက်လည်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်တွေ ကန့်သတ်ခံထားရသလို လုံခြုံရေးအန္တရာယ်တွေကိုလည်း ဆက်လက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရစဉ်ကာလအတွင်း သိမ်းဆည်းခံထားရတဲ့ မှတ်ပုံတင်ကတ်တွေကို ပြန်လည်ပေးအပ်ခြင်း မရှိသေးသလို အသစ်ပြန်လည်လျှောက်ထားရာမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာမှာလည်း ပြည်ပထွက်ခွာခွင့် ကန့်သတ်ခံရမှုတွေ ရှိနေပြီး စစ်ကော်မရှင်ဘက်က ထိန်းချုပ်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

WOPP က ထုတ်ပြန်ချက်မှာ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတချို့ဟာ PSIS (Person Scrutinization and Monitoring System) စနစ်နဲ့ ဆက်လက်စောင့်ကြည့်ခံနေရပြီး ယခင်စွပ်စွဲချက်တွေနဲ့ ဆက်စပ်တဲ့ ပုဒ်မတွေကိုလည်း မဖျက်သိမ်းသေးတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုအခြေအနေတွေကြောင့် လူမှုဘဝ ပြန်လည်တည်ဆောက်ရေး၊ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မှုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားလာရာမှာ ကိုယ်ရေးအချက်အလက်တွေ အသုံးပြုရာမှာ လုံခြုံရေးအန္တရာယ်တွေကို သတိထားရှောင်ရှားဖို့ WOPP က အသိပေးထားပါတယ်။

ပုံစာ – အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည့် အကျဉ်းသူတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး