Homeပြည်တွင်းသတင်းဝါးတရာ ပလပ်စတစ်စက်ရုံက လုပ်သား ၁၅ ဦး ဓာတုအဆိပ်သင့်မှု ဖြစ်ပွား

ဝါးတရာ ပလပ်စတစ်စက်ရုံက လုပ်သား ၁၅ ဦး ဓာတုအဆိပ်သင့်မှု ဖြစ်ပွား

၂၄ မတ်လ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မဟာမြိုင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ True Green City ပလပ်စတစ်စက်ရုံက လုပ်သား ၁၅ ဦး ဓာတုအဆိပ်သင့်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလုပ်သား ၁၅ ဦးကို ဆေးဝါးကုသမှု ခံယူရာမှာတော့ လုပ်ငန်းခွင်အတွင်း ဓာတုဗေဒပစ္စည်း အသုံးပြုရာကနေ ရရှိခဲ့တဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တယ်လို့ ဆေးမှတ်တမ်းက ဖော်ပြထားကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ STUM ဆီကနေ သိရပါတယ်။

ဒီလို ဓာတုအဆိပ်သင့်မှု ဖြစ်ပွားတာကို လုပ်သား ၃ ဦးဆီကနေ ကနဦး တွေ့ရှိခဲ့ရတာဖြစ်ပြီး မတ်လ ၁၉ ရက်နေ့ကနေ ဒီကနေ့ မတ်လ ၂၄ ရက်အထိ လုပ်သား ၁၅ ဦးအထိ ဖြစ်ပွားလာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“ပြည်တွင်းက စက်ရုံအလုပ်ရုံတွေက လုပ်သားတွေအတွက် လုပ်ငန်းခွင် အန္တရာယ်ကင်းစေတဲ့ အကာအကွယ်တွေ လုပ်ဆောင်တာ အားနည်းတယ်။ အခြားမကြည့်နဲ့ဗျာ မီးလောင်တာကို ကြည့် လောင်ပြီဟေ့ဆို အကုန်ကုန်တာ။ စက်ရုံမှာ ဘေးအန္တရာယ်ကာကွယ်ရေး လုပ်ဆောင်တာတွေ အရမ်းအားနည်းကြတယ်။ ဖြစ်လိုက်ရင် ဝါးတရာစက်မှုဇုန်ပဲ” လို့ လုပ်သားအရေး ဆောင်ရွက်နေတဲ့ ရွှေပြည်သာ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

လုပ်သားတွေရဲ့ ဆရာဝန် ဆေးစာမှတ်ချက်အရ ဓာတုဗေဒဓာတ်ပစ္စည်းနဲ့ ထိတွေ့တာကြောင့် ဓာတ်မတည့်ခြင်း ဖြစ်သလို ရေရှည် ထိတွေ့ရင် အန္တရာယ်ရှိနိုင်သလို ရေရှည် ရှုရှိုက်မိရင် ပိုပြီး အန္တရာယ်ရှိနိုင်တယ်လို့ မှတ်ချက်ပြုထားတာကို တွေ့မြင်ကြောင်း STUM က ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး