၂၄ မတ်လ ၂၀၂၆ | New Day Myanmar
စစ်တပ်က ပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော်အတွင်း ဒုဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ တေဇကျော်နဲ့ သန်းထွန်းဦးတို့ကို လွှတ်တော်ရေးရာ ကော်မတီတွေရဲ့ ဥက္ကဋ္ဌတွေအဖြစ် အသီသီးခန့်အပ်လိုက်ပါတယ်။
မတ်လ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ပြည်သူ့လွှတ်တော်ငွေစာရင်းကော်မတီ ဥက္ကဋ္ဌအဖြစ် တေဇကျော်ကို ခန့်အပ်ခဲ့ပြီး၊ အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် သန်းထွန်းဦးကို တာဝန်ပေးခဲ့ပါတယ်။
အဲ့ဒီကော်မတီတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေရှိပေမယ့် လက်တွေ့ အာဏာဆုံးဖြတ်ချက်တွေကတော့ အုပ်ချုပ်ရေးဘက်မှာပဲ ရှိနေသေးတာကြောင့် အာဏာဗဟိုကနေ အဝေးကို ရွှေ့ထားတဲ့ အနေအထားလို့ မြင်နိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံသပ်သူ တဦးကတော့“အရေးကြီးတဲ့ကော်မတီဆိုပေမယ့် လက်တွေ့ အာဏာကို ကိုင်ထားတာမဟုတ်ဘူး။ အစိုးရဖွဲ့စည်းမယ့်အခါ အဓိကရာထူးတွေကတော့ တခြားလူတွေကို ပေးလိုက်တာဖြစ်မယ်” လို့ ပြောပါတယ်။
တေဇကျော်ဟာ အာဏာသိမ်းပြီးနောက် ကာလတလျှောက် စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် အရေးပါတဲ့နေရာယူခဲ့သူဖြစ်ပြီး နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ ခံထားရသူဖြစ်ပါတယ်။ သန်းထွန်းဦးဟာလည်း စစ်ကော်မရှင်အကြံပေးအဖွဲ့ခေါင်းဆောင်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး စစ်တပ်အတွင်း အာဏာရှိသူတဦးဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိမှာ ဒီနှစ်ဦးကို လွှတ်တော်ရေးရာကော်မတီတွေထဲ ပို့လိုက်တာဟာ လာမယ့် အစိုးရဖွဲ့စည်းမှုအတွင်း အဓိက အာဏာရာထူးတွေကနေ အဝေးကို ပို့ထားလိုက်တဲ့ သဘောလို့လည်း ယူဆချက်တွေ ထွက်ပေါ်နေပါတယ်။
တစ်ဖက်မှာတော့ ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်လာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး စစ်တပ်အတွင်း အာဏာခွဲဝေမှုတွေ ပြန်လည်ညှိနှိုင်းနေတဲ့ လက္ခဏာတွေ ပိုမို ထင်ရှားလာနေပါတယ်။
လက်ရှိ စစ်တပ်က လုပ်နေတဲ့ လွှတ်တော်မှာ ကော်မတီစုစုပေါင်း ၂၀ အထိ ဖွဲ့စည်းသွားဖို့ စီစဉ်ထားပြီး မတ်လ ၂၆ ရက်မှာ ဆက်လက်အစည်းအဝေး ကျင်းပမယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ၅ နှစ်အကြာမှာ အမည်ခံရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်တွေ ခေါ်ယူနေသလို လာမယ့် ဧပြီလဆန်းမှာလည်း အစိုးရတရပ် ဖွဲ့စည်းဖို့ ကြိုးပမ်းနေပါတယ်။


