၂၄ မတ်လ ၂၀၂၆ | New Day Myanmar
အမေရိကန် အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၄၅ မဲနဲ့ အိုကလာဟိုးမားပြည်နယ် အထက်လွှတ်တော်အမတ် Markwayne Mullin ကို ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) ဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
Mullin ဟာ ၂၀၂၃ ခုနှစ်ကစပြီး အထက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယခင်ဝန်ကြီး Kristi Noem ရဲ့နေရာကို အစားထိုးဝင်ရောက်တာဖြစ်ပါတယ်။ Noem ဟာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုတွေကြောင့် ဝေဖန်မှုတွေ ပြင်းထန်လာပြီးနောက် ရာထူးကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။
Mullin ရဲ့ အတည်ပြုမှုမှာ ဒီမိုကရက်ပါတီအမတ်တွေထဲက John Fetterman နဲ့ Martin Heinrich တို့ကပါ ထောက်ခံမဲပေးခဲ့တာကြောင့် ပါတီစုံထောက်ခံမှုတစ်စိတ်တစ်ပိုင်း ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရီပတ်ဘလီကန်အမတ် Rand Paul ကတော့ ကန့်ကွက်မဲပေးခဲ့ပါတယ်။
သမ္မတထရမ့်ကတော့ “သူက အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ။ သူက အဲ့ဒီတာဝန်အတွက် အတော်ဆုံးသူလို့လည်း ကျွန်တော်ထင်ပါတယ်။”လို့ပြောထားပါတယ်။
Mullin က သူရဲ့ ဦးဆောင်မှုအောက်မှာ ဌာနအတွင်း လုပ်ပိုင်ခွင့်တွေ ပိုမိုပေးအပ်ပြီး ပွင့်လင်းတဲ့ စီမံခန့်ခွဲမှုပုံစံကို ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။ အထူးသဖြင့် နေအိမ်နဲ့ လုပ်ငန်းခွင်တွေကို ဝင်ရောက်ရှာဖွေရာမှာ တရားရုံးဝရမ်း လိုအပ်မယ်လို့ ကတိပြုထားပါတယ်။
လက်ရှိမှာတော့ DHS ဟာ ဘတ်ဂျက်အကျပ်အတည်းကြောင့် လုပ်ငန်းတချို့ ထိခိုက်နေပြီး Mullin အနေနဲ့ လွှတ်တော်အတွင်း ပါတီစုံညှိနှိုင်းပြီး ပြဿနာတွေ ဖြေရှင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။
Mullin ဝန်ကြီးအဖြစ် တာဝန်ယူလိုက်တာကြောင့် အမေရိကန် ပြည်တွင်းလုံခြုံရေးမူဝါဒတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။


