Homeပြည်တွင်းသတင်းယင်းမာပင်ခရိုင် တပ်ရင်း ၂၀ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် အရေးယူပေးရန် အဖွဲ့အစည်း ၁၄၈ ဖွဲ့ တောင်းဆို

ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် အရေးယူပေးရန် အဖွဲ့အစည်း ၁၄၈ ဖွဲ့ တောင်းဆို

၉ မတ်လ ၂၀၂၆ | New Day Myanmar

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ (ရိုးမရာဇာ) အတွင်း ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်အပေါ် ထိရောက်စွာ အရေးယူပေးဖို့ အဖွဲ့အစည်းပေါင်း ၁၄၈ ဖွဲ့က မတ်လ ၉ ရက်မှာ စုပေါင်းသဘောထား ထုတ်ပြန်ကာ တိုက်တွန်းလိုက်ပါတယ်။

ထုတ်ပြန်ချက်အရ တပ်ရင်း ၂၀ မှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးရဲဘော်တစ်ဦးဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး တပ်ရင်းတာဝန်ရှိသူတွေရဲ့ မတရားဖမ်းဆီးခြင်း၊ ကျေးရွာလူထုရှေ့မှာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ အချုပ်ခန်းအတွင်း ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ အဓမ္မပြုကျင့်ခြင်းတွေကို ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ကျူးလွန်မှုတွေထဲမှာ တပ်ရင်းမှူး ရန်ရှင်းအောင်နဲ့ အဖွဲ့ဝင်အချို့က နစ်နာသူကို လက်ပြန်ကြိုးတုတ်ပြီး နှိပ်စက်ခြင်း၊ အဖွဲ့ဝင်တစ်ဦးက ဓားနဲ့ ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခြင်းနဲ့ နစ်နာသူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားနဲ့ နာမည်နဲ့ တပ်ရင်းနံပါတ်တွေ ရေးထွင်းခြင်း စတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နစ်နာသူဟာ အစ္စလာမ်ဘာသာဝင်ဖြစ်တာကြောင့် လူမျိုးရေးနဲ့ ဘာသာရေးအရ နှိမ့်ချစော်ကားခြင်း၊ ယုံကြည်ချက်ကို ရည်ရွယ်ချက်ရှိရှိ စော်ကားညှဉ်းပန်းခြင်းတွေကိုလည်း ခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ တော်လှန်ရေးကာလအတွင်း အာဏာအလွဲသုံးစားလုပ်ပြီး တပ်သားအချင်းချင်းအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပြီး လူဂုဏ်သိက္ခာကို ထိခိုက်စေသလို တရားဥပဒေစိုးမိုးရေးကိုလည်း စိန်ခေါ်လိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အဖွဲ့အစည်းတွေက ရှုမြင်ထားပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ တပ်ရင်းမှူး ရန်ရှင်းအောင်နဲ့ မုဒိမ်းမှု ကျူးလွန်သူအပါအဝင် ပါဝင်ပတ်သက်သူအားလုံးကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

နစ်နာသူ အမျိုးသမီးနဲ့ သူ့မိသားစုကိုလည်း တပ်ရင်းအတွင်း ဖိအားပေးမှုတွေကနေ ကင်းလွတ်တဲ့ ဘေးကင်းရာနေရာသို့ အမြန်ဆုံး ရွှေ့ပြောင်းစောင့်ရှောက်ပေးဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းတွေ အတွင်းမှာ လူမျိုးရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှု မရှိစေရေး မူဝါဒတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။

အဆိုပါ စုပေါင်းသဘောထား ထုတ်ပြန်ချက်ကို ဗကသများအဖွဲ့ချုပ်၊ Burmese Women’s Union (BWU)၊ European Rohingya Council (ERC)၊ Progressive Voice (PV) နဲ့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု (BMC) အပါအဝင် အဖွဲ့အစည်းပေါင်း ၁၄၈ ဖွဲ့က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး