Homeပြည်တွင်းသတင်းသင်္ဃန်းကျွန်းမှာ အငှားယာဉ်နဲ့ ကိုယ်ပိုင်ကားတိုက်မိ၊ တက္ကစီယာဉ်မောင်း သေဆုံး

သင်္ဃန်းကျွန်းမှာ အငှားယာဉ်နဲ့ ကိုယ်ပိုင်ကားတိုက်မိ၊ တက္ကစီယာဉ်မောင်း သေဆုံး

၇ မတ်လ ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းကြီးနဲ့ သံသုမာလမ်း မီးပွိုင့်လမ်းဆုံမှာ အငှားယာဉ်နဲ့ ကိုယ်ပိုင်ယာဉ် တိုက်မိပြီး အငှားယာဉ်မောင်းတစ်ဦး သေဆုံးတဲ့ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်ဟာ မတ်လ ၇ ရက် မနက်အစောပိုင်း ၁ နာရီ ၃၅ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုအတွင်း ကလေးငယ်တစ်ဦးနဲ့ လူကြီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“တိုက်တဲ့ပုံက မီးပွိုင့်အဖြတ်မှာ တက္ကစီကို ခါးလယ်ကနေ ဖြတ်တိုက်တဲ့ပုံပဲဗျ။ အခုတော့ လာရှင်းသွားပါပြီ။ ဖြစ်ပြီးတဲ့အချိန် ကျွန်တော်လည်း အဲဒီနားက ဖြတ်သွားလို့ တွေ့လိုက်တာ” လို့ ရန်ကုန်က ကီလိုအငှားယာဉ်မောင်းတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားတဲ့ ဝေဇယန္တာလမ်းကြီးနဲ့ သံသုမာလမ်း မီးပွိုင့်လမ်းဆုံဟာ မကြာခဏ ယာဉ်မတော်တဆမှု ဖြစ်ပွားလေ့ရှိတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီမီးပွိုင့်မှာ ည ၁၀ နာရီကျော်ပြီးနောက် မီးပွိုင့်မီးတွေ ပိတ်ထားတတ်တယ်လို့လည်း ရန်ကုန်နေ ယာဉ်မောင်းအများစုက ပြောဆိုနေကြပါတယ်။

ရန်ကုန်မြို့မှာ ညဘက် ကားမောင်းနှင်သူအချို့က လမ်းဆုံလမ်းခွတွေမှာ စည်းကမ်းမလိုက်နာဘဲ မီးနီကို ဖြတ်မောင်းတာမျိုးတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး