၂၆ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်ရှိ အောင်ဘုန်းပြည့်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးက ဒါယိကာမကြီးတစ်ဦးအား မတရားပြုကျင့်ရန် ကြိုးစားခဲ့သည့်အမှု နှင့်ပတ်သက်၍ တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။
တရားရုံးစစ်ဆေးချက်များအရ ကျောင်းထိုင်ဘုန်းကြီး ဦးသမ္မာစာရ သည် ဒါယိကာမကြီး ဒေါ်သီတာအောင် (အသက် ၄၇ နှစ်) ကို မတရားပြုကျင့်ရန် ကြိုးစားခဲ့ပြီး အဆိုပါကြိုးပမ်းမှုကို ဒါယိကာမကြီးက ငြင်းဆန်ခဲ့သဖြင့် နောက်ဆက်တွဲအနေဖြင့် ဓားဖြင့် အကြမ်းဖက်ခုတ်သတ်ခဲ့ကြောင်း အမှုအချက်အလက်များတွင် ဖော်ပြထားပါတယ်။
အဆိုပါဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းထိုင်ဘုန်းကြီးက “မိခင်နှလုံးအမောဖောက်ဖြစ်နေသည်” ဟု လိမ်လည်ကာ ဒါယိကာမကြီးအား ကျောင်းသို့ ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ကံနိမ့်နေကြောင်း ပြောဆိုကာ သင်္ကန်းလျှော်ပေးရန် ခိုင်းစေခဲ့သည်ဟု ဆိုပါတယ်။
ရေချိုးခန်းအတွင်း သင်္ကန်းလျှော်နေစဉ် မတရားပြုကျင့်ရန် ကြိုးစားခဲ့ပြီး ဒါယိကာမကြီးက လက်မခံခဲ့သဖြင့် လည်ပင်းပြတ်လုနီးပါးအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် စုစုပေါင်း ၁၅ ချက် ခုတ်သတ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုထားပါတယ်။
ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူက သမီးအား အကြမ်းဖက်ခံနေရသည့် မြင်ကွင်းကို ကိုယ်တိုင်တွေ့မြင်ခဲ့ရကြောင်း မိသားစုဝင်များက ပြောဆိုထားပါတယ်။
ဒေါ်သီတာအောင်နှင့် မိခင်ဖြစ်သူတို့သည် ယင်းကျောင်းထိုင်ဘုန်းကြီးအား နှစ်ပေါင်းများစွာ ကိုးကွယ်ထောက်ပံ့လာသူများဖြစ်ပြီး ကျောင်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်အပါအဝင် အကူအညီများ ပေးအပ်ခဲ့ကြောင်းလည်း သိရပါတယ်။
အမှုကို တစ်နှစ်နီးပါး စုံစမ်းစစ်ဆေးပြီးနောက် မတရားပြုကျင့်ရန် ကြိုးစားမှု မအောင်မြင်သဖြင့် အကြမ်းဖက်ခုတ်သတ်ခဲ့သည်ဟု တရားရုံးက သတ်မှတ်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ရုံးချိန်းတွင် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
သို့သော် တရားခံဘက်မှ ဥပဒေအရ တစ်ပတ်အတွင်း အယူခံဝင်ခွင့် ရှိနေသေးကြောင်းလည်း သိရပါတယ်။
ဒေါ်သီတာအောင်၏ ခင်ပွန်းဖြစ်သူက “ဇနီးသည်အပေါ် ဖြစ်ပွားခဲ့တဲ့ မတရားပြုကျင့်မှု ကြိုးပမ်းမှုနဲ့ အကြမ်းဖက်မှုအတွက် တရားမျှတမှု အပြည့်အဝရဖို့ ဆက်လက်တောင်းဆိုသွားမယ်” လို့ ပြောဆိုထားပါတယ်။


