၂၅ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံ၊ သိမ်ကျောင်းလမ်း အမှတ် (၄၉) မှာ ဖွင့်လှစ်ထားတဲ့ SANYAN OUTDOOR Co., Ltd အထည်ချုပ်စက်ရုံက လုပ်သားတွေဟာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုထားတဲ့အပေါ် စက်ရုံဘက်က တစ်ရက်လုပ်ခ (ဒေးကြေး) ကို ကျပ် ၁၀၀ သာ တိုးပေးမယ်လို့ ပြောဆိုလာတာကြောင့် ဆန္ဒထုတ်ဖော်မှုတွေကို ဆက်လက်ပြုလုပ်နေကြတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်လုပ်သားများသမဂ္ဂက ပြောပါတယ်။
အဆိုပါ စက်ရုံမှာ လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်သား ၇၀၀ နီးပါးဟာ ဒေးကြေးကို တစ်ရက် ကျပ် ၁၂,၅၀၀ အထိ တိုးမြှင့်ပေးဖို့၊ အချိန်ပိုကြေးနဲ့ ရက်မှန်ကြေးတွေ တိုးပေးဖို့၊ လုပ်ခလစာကို ၁၅ ရက်တစ်ကြိမ် စနစ်နဲ့ ရှင်းပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဒီတောင်းဆိုမှုတွေဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ သုံးရက်မြောက်နေ့ကို ရောက်ရှိလာပြီးဖြစ်ကာ စက်ရုံဘက်က ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိလာတဲ့အတွက် လုပ်သားအချို့က အလုပ်ပြန်ဝင်သွားရပေမဲ့ လုပ်သားအများစုကတော့ ဆန္ဒထုတ်ဖော်မှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သမဂ္ဂတာဝန်ရှိသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
“အလုပ်ပြန်မဆင်းရင် အလုပ်ထွက်စာတင်ခိုင်းမယ်၊ ဆန္ဒဆက်ပြရင် ရဲခေါ်ဖမ်းမယ်ဆိုပြီး ဖိအားပေးနေတယ်။ ဒေးကြေးက တစ်ရက် ၁၀၀ ကျပ်ပဲ တိုးပေးပြီး အဲဒါကိုလည်း မုန့်ဖိုးလို့ ပြောတယ်။ မေလထဲရောက်မှ ၅၀၀ ကျပ် ထပ်တိုးပေးမယ်လို့ ဆိုနေတယ်” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
မနေ့က ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းမှာ အလုပ်သမားရေးရာ ဦးစီးဌာန တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းခဲ့ပြီးနောက် စက်ရုံမန်နေဂျာဘက်က ပိတ်ရက်မှ လွဲပြီး နေ့စဉ် ဒေးကြေး ၁၀၀ ကျပ်ကို မုန့်ဖိုးအဖြစ် တိုးပေးမယ်လို့ ပြောဆိုခဲ့ပေမဲ့ အလုပ်သမားတွေဘက်က လက်မခံသဖြင့် ဆန္ဒထုတ်ဖော်မှုကို ဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။


