၂၄ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် (၂) ဆရာစံလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ THA SHU စက်ရုံလို့ လူသိများခဲ့တဲ့ အထည်ချုပ်စက်ရုံ (လက်ရှိ TITAN TREE MYANMAR CO., LTD) မှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို လူမိုက်တွေခေါ်ပြီး ခြိမ်းခြောက်ဖိအားပေးတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) က ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
FGWM ရဲ့ အချက်အလက်အရ အဆိုပါစက်ရုံမှာ ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး အလုပ်သမား ၄၀၀ ကျော်က စုပေါင်းတောင်းဆိုမှု ပြုလုပ်နေကြတာဖြစ်ပြီး တစ်ရက်လုပ်ခ ၁၁,၀၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ်အထိ တိုးပေးဖို့၊ အချိန်ပိုကြေးကို ၁,၉၅၀ ကျပ်ကနေ ၂,၂၀၀ ကျပ်အထိ တိုးပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ရက်မှန်ကြေးကို ယခင် ၄၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်အထိ တိုးပေးဖို့၊ ရက်မှန်ကြေးကို တစ်လကို ရှေ့ ၁၅ ရက်၊ နောက် ၁၅ ရက် ခွဲပေးဖို့နဲ့ ဥပဒေပါ ခွင့်ရက်ယူတဲ့အခါ ရက်မှန်ကြေးနဲ့ ဂရိတ်ကြေး မဖြတ်တောက်ဖို့လည်း တောင်းဆိုထားပါတယ်။
အလုပ်သမားတွေဘက်က ကျွမ်းကျင်မှုအဆင့်လိုက် ဂရိတ်ကြေးအနေနဲ့ A+ ၁၅၀,၀၀၀ ကျပ်၊ A ၁၀၀,၀၀၀ ကျပ်၊ B ၇၀,၀၀၀ ကျပ်၊ C ၅၀,၀၀၀ ကျပ် ပေးဖို့၊ စက်ရုံအတွင်း ဆေးပေးခန်းထားပေးဖို့နဲ့ အိမ်သာတွေကို သန့်ရှင်းစနစ်တကျ ထိန်းသိမ်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
အစိုးရရုံးပိတ်ရက်တွေမှာ အချိန်ပိုခေါ်ယူပါက ဥပဒေအတိုင်း လုပ်ခလစာ နှစ်ဆပေးဖို့၊ စက်ရုံပိုင်ရှင် ပြောင်းလဲမှုရှိရင်လည်း ဥပဒေအရ အလုပ်သမားတွေကို တရားဝင် အသိပေးကြေညာဖို့ တောင်းဆိုထားကြတာဖြစ်ပါတယ်။
FGWM ရဲ့ ပြောကြားချက်အရ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းမှာ အလုပ်သမားတွေက စက်ရုံက ကွန်တိန်နာကား ထုတ်ဖို့ ပြင်ဆင်နေတာကို တွေ့ပြီး စက်ရုံအတွင်းမှာပဲ အိပ်မယ်လို့ ဆုံးဖြတ်ခဲ့ရာ အလုပ်ရှင်ဘက်က အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ အလုပ်သမားရုံးဝန်ထမ်းတွေ၊ စစ်သားတွေ၊ လူမိုက်တွေကို ခေါ်ယူလာပြီး “ဒီမှာ ညအိပ်လို့မရဘူး” ဆိုကာ အတင်းအကျပ် ပြန်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အလုပ်သမားရုံးက ညှိနှိုင်းပေးမယ်ဆိုပြီး အလုပ်သမားတွေကို ခေါ်ယူခဲ့ပေမယ့် အလုပ်ရှင်ဘက်က တောင်းဆိုချက်တစ်ချက်မှ မလိုက်လျောခဲ့သလို စက်ရုံအတွင်းမှာလည်း လူမိုက်တွေ ခေါ်ထားပြီး “ဆူရင် ရိုက်မယ်” လို့ ခြိမ်းခြောက်နေတယ်လို့ အလုပ်သမားတွေက FGWM ကို ပြောပါတယ်။
“ဒီနေ့အထိ အလုပ်ရှင်ဘက်က ညှိနှိုင်းမှုမလုပ်ဘူး။ စက်ရုံအထဲရော စက်ရုံရှေ့မှာပါ လူမိုက်တွေ ဓားတွေကိုင်ပြီး စောင့်ကြည့်နေတာ ခံနေရတယ်” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
FGWM ကတော့ စက်ရုံရဲ့ လက်ရှိအခြေအနေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ အဆိုပါစက်ရုံက ချုပ်လုပ်နေတဲ့ CHEEKY၊ CDRL၊ COCCODRILLO ကုန်အမှတ်တံဆိပ်တွေဘက်က တာဝန်ရှိသူတွေကိုလည်း သိရှိအောင် အကြောင်းကြားပေးဖို့နဲ့ အများပြည်သူ၊ အလုပ်သမားညီအစ်ကိုမောင်နှမတွေ သိရှိစေဖို့ အခုလို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။


