Homeပြည်တွင်းသတင်းရွှေပြည်သာ ဝါးတစ်ရာစက်မှုဇုံမှာ လုပ်ခလစာတိုးပေးဖို့ အထည်ချုပ်လုပ်သား ၇၀၀ ခန့် ဆန္ဒပြတောင်းဆို

ရွှေပြည်သာ ဝါးတစ်ရာစက်မှုဇုံမှာ လုပ်ခလစာတိုးပေးဖို့ အထည်ချုပ်လုပ်သား ၇၀၀ ခန့် ဆန္ဒပြတောင်းဆို

၂၃ ဖေဖော်ဝါရီ ၂၀၂၆

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုံ၊ သိမ်ကျောင်းလမ်း အမှတ် (၄၉) မှာရှိတဲ့ SANYAN OUTDOOR Co., Ltd အထည်ချုပ်စက်ရုံအလုပ်သမား ၇၀၀ ခန့်ဟာ လုပ်ခလစာတိုးမြှင့်ပေးဖို့ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက စက်ရုံတွင်း ဆန္ဒပြတောင်းဆိုမှု စတင်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အလုပ်သမားတွေက တစ်ရက်လုပ်ခ ၁၂,၀၀၀ ကျပ် အထိ တိုးပေးဖို့၊ အချိန်ပိုကြေး နဲ့ ရက်မှန်ကြေး တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ အသေးစိတ်တောင်းဆိုချက်တွေထဲမှာ အချိန်ပိုကြေး ၂,၅၀၀ ကျပ်၊ ရက်မှန်ကြေး ၆၀,၀၀၀ ကျပ်၊ လုပ်ခလစာကို ၁၅ ရက်တစ်ကြိမ် ရှင်းပေးဖို့နဲ့ အထည်ကြေးတွေကို ဂရိတ်အလိုက် တိုးပေးဖို့တို့ ပါဝင်ပါတယ်။

အဆိုပါ စက်ရုံဟာ ၂၀၂၅ ခုနှစ် မေလက စတင်လုပ်ကိုင်လာတဲ့ လုပ်ငန်းဖြစ်ပြီး Sinsay, SNSY OUT WERE, SINSAY MENS စတဲ့ Brand တွေအတွက် ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

သို့သော် လုပ်သားတွေ တင်ပြထားတဲ့ တောင်းဆိုချက်တွေကို လုပ်ငန်းရှင်ဘက်က မလိုက်လျောနိုင်ဘူးလို့ ပြောကြားထားပြီး ဆန္ဒပြတောင်းဆိုမှု ဆက်လက်ပြုလုပ်နေပါက ၃ ရက်မြောက်နေ့မှာ အလုပ်မှ ထုတ်ပယ်မယ် ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေတယ်လို့လည်း အလုပ်သမားဘက်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အခြေခံကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာကြောင့် ဝင်ငွေနဲ့ ထွက်ငွေ မညီမျှမှုတွေ ပိုမိုပြင်းထန်လာပြီး လုပ်ခလစာတိုးပေးဖို့ တောင်းဆိုမှုတွေဟာ အလုပ်သမားလူတန်းစားအကြား ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေတာဖြစ်တယ်လို့ အလုပ်သမားရေး စောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုထားပါတယ်။

ဓာတ်ပုံ – ရွှေပြည်သာ အလုပ်သမားသမဂ္ဂ

Related News

Most Read